ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေနတ်ဖြင့်ပစ်ခံရ

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ ဇူလိုင် ၈ ရက် ဒီနေ့မနက် ဂျပန်နိုင်ငံအနောက်ပိုင်း နာရာမြို့မှာ သေနတ်နဲ့ ပစ်ခံရပြီး ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ NHK သတင်းမှာဖော်ပြပါတယ်။
ရှင်ဇိုအာဘေးဟာ ရွေးကောက်ပွဲကမ်ပိန်းအတွက် နာရာမြို့မှာမိန့်ခွန်းပြောကြားခဲ့တာဖြစ်ပြီး ဒီမနက် ၁၁ နာရီခွဲလောက်က လမ်းမပေါ်မှာ သေနတ်နဲ့ ပစ်ခံရတာဖြစ်ပါတယ်။ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ အမျိုးသားတယောက်ကိုဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။
ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ နာရာခရိုင် ယာမာတို ဆိုင်ဒိုင်ဂျိဘူတာအနီး ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး မိန့်ခွန်းပြောနေချိန် လဲကျသွားပြီး သွေးထွက်လွန်နေတာကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့ရကြောင်း၊ နောက်ကျောကနေ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ရင်ဘတ်ကို ကျည်ဆန်ထိမှန်ခဲ့တာလို့ Japan Times က ဖော်ပြပါတယ်။
အခင်းဖြစ်ပွားရာနေရာရှိ NHK သတင်းထောက် တစ်ဦးကတော့ အာဘေး မိန့်ခွန်းပြောနေချိန်အတွင်း ပစ်ခတ်သံနှစ်ချက် ဆက်တိုက် ကြားခဲ့ရတယ် လို့ ပြောပါတယ်။ ကျိုဒိုသတင်းဌာနကတော ဝန်ကြီးချုပ်ဟောင်းဟာ သတိမရသေးကြောင်းနဲ့ နှလုံးရပ်နေပုံရတယ်လို့ ရေးပါတယ်။
ရှင်ဇိုအာဘေးဟာ ၂၀၀၆ ခုနှစ်က အသက် ၅၂ နှစ်အရွယ်မှာ ဂျပန်နိုင်ငံရဲ့ အသက်အငယ်ဆုံး ၀န်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။
တစ်နှစ်အကြာမှာပဲ သူ့ရဲ့ကျန်းမာရေးကြောင့် ရာထူးကနေ ရုတ်တရက်အနားယူခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ အာဏာပြန်ရလာခဲ့ပြီး သူ့ရဲ့အရင်က အမျိုးသားရေးအစီအစဉ်ထက် စီးပွားရေးအစီအမံတွေကို ဦးစားပေးလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ သူဟာနိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲမှာ ခြောက်ကြိမ်တိုင်တိုင် အနိုင်ရခဲ့ပါတယ်။