အမေရိကန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ၂ ဦး ရုရှား-ယူကိရိန်းအရေး ဆွေးနွေး

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့ ငါးနာရီကျော်ကြာ ဆွေးနွေးမှုအတွင်း ယူကရိန်းမှာ ရုရှားရဲ့ ရန်လိုမှုကိစ္စ ဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဇူလိုင် ၉ ရက်မှာ ပြောလိုက်ပါတယ်။
ဘလင်ကန်ဟာ အင်ဒိုနီးရှား နိုင်ငံဘာလီကျွန်းမှာ ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံ၂၀အဖွဲ့ G20 ရဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ပြီး တစ်ရက်အကြာ ဝမ်ယိနဲ့ လူချင်းတွေ့ဆုံဆွေးနွေးပြီးတဲ့နောက် သတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောလိုက်တာပါ။
"ရုရှားနဲ့ တရုတ်တို့ ပေါင်းနေတဲ့အပေါ် စိုးရိမ်မိတယ်လို့ တရုတ်နိုင်ငံတော်ကောင်စီဝင်ကို ကျနော် ထပ်ပြီး ပြောခဲ့တယ်”လို့ ဘလင်ကန်ကပြောပါတယ်။
ကုလသမဂ္ဂမှာ ရုရှားကို ထောက်ခံပြီး ရုရှားရဲ့ ဝါဒဖြန့်မှုကို သံယောင်လိုက် ပြောနေလို့ တရုတ်နိုင်ငံဟာကြားနေတယ်လို့ မထင်ဘူးလို့လည်း ဘလင်ကန်က ပြောပါတယ်။
ရုရှားက ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို မကျူးကျော်ခင်လေးမှာ တရုတ်နဲ့ ရုရှား အစိုးရ တို့ဟာ အကန့်အသတ်မရှိ မိတ်ဖက်ဆက်ဆံရေးကို ကြေညာခဲ့ပါတယ်။
ရုရှားအပေါ် အမေရိကန်ဦးဆောင်တဲ့ ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေကို တရုတ်အစိုးရက ရှောင်လွှဲတာ ဒါမှမဟုတ် စစ်လက်နက်ပစ္စည်းတွေ ပံ့ပိုးပေးတာကို မတွေ့ခဲ့ရဘူးလို့ အမေရိကန် တာဝန် ရှိသူတွေက ပြောပါတယ်။
အပြိုင်အဆိုင်တွေ ရှိပေမယ့် ကမ္ဘာ့အကြီးဆုံးစီးပွားရေး အင်အားကြီး နှစ်နိုင်ငံဟာ အဓိက ကုန်သွယ်ဖက်အဖြစ် ဆက်တည်ရှိနေ ပါတယ်။
နိုဝင်ဘာလလယ် ရွေးကောက်ပွဲတွေမတိုင်မီ အမေရိကန်ရဲ့ ငွေကြေးဖောင်းပွမှုကို တားဆီးဖို့ ဘိုင်ဒန်ကတရုတ်ကုန်ပစ္စည်း အမြောက်အမြားအပေါ် အခွန်လျှော့ချဖို့ကိုလည်း စဉ်းစားနေပါတယ်။
အမေရိကန်က ယူကရိန်းကို နောက်ထပ်အကူအညီ ဒေါ်လာ ၃၆၈ သန်းဖိုး ထပ်တိုးပေးမယ်လို့ ကြေညာထားတာကြောင့် ရုရှားဟာ အဓိပ္ပာယ်ရှိတဲ့ သံခင်းတမန်ခင်းမှာ ပါဝင်ဖို့ ဆန္ဒမရှိဘူးလို့ ဘလင်ကန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။