close

ခင်ဦးတွင် စစ်ကောင်စီ၏လက်နက်ကြီးကြောင့် ဒေသခံ ၁ ဦး ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာမှာ ဇူလိုင် ၉ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်း ကျည်ကျရောက်ခဲ့ပြီး ဒေသခံရွာသား ၁ ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကာ အရေးပေါ် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

အဲဒီနေ့ ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့က အင်းပတ်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ၅ ချက်ပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်း ၃ လုံး ထိမှန်ကျရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံကျေးရွာသားတဦးက  “ရွာအနီးနား တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ ရမ်းသန်းပစ်ခတ်တာ၊ ရွာထဲက အိမ်ခြေတချို့ ထိခိုက်ပျက်စီးမှုတွေရှိတယ်။ နောက်ပြီး အင်းပတ်ရွာထဲကပဲ အသက် ၃၅ နှစ် အရွယ်အမျိုးသား ၁ ယောက်လည်း အပြင်းထန်ဒဏ်ရာရလို့ အရေးပေါ်ဆေးကုသနေရတယ်” လို့ ပြောပါတယ်။

ရေဦးမြို့အဝင် ကြာပန်းဝိုင်းအနီးကနေ စစ်ကောင်စီတပ်ဟာ မူးမြစ်အနောက်ဘက်က ရွာသာလေး၊ ကုက္ကိုစုရွာ၊ ဒီပဲယင်းမြို့နယ်က ညောင်လှရွာနဲ့ မူးမြစ်အရှေ့ဘက်က အင်းပတ်၊ သရက်ပင်စု၊ အင်းတိုင်းလေးရွာတွေဆီကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်အဆောက်အုံ ထိခိုက်ပျက်စီးမှု အခြေနေအသေးစိတ်ကိုတော့ အတိအကျမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ အဲဒီကျေးရွာတွေထဲက အင်းပတ်ကျေးရွာဟာ ‌ မေ ၂ ရက်က နေအိမ် ၃၀၀ ကျော် မီးရှို့ခံခဲ့ရပြီး ကျေးရွာခံအမျိုးသား ၁ ယောက်လည်း မီးရှို့ သတ်ဖြတ်ခံခဲ့ရပါတယ်။

//
Up