လက်နက်တပ်ဆင်နိုင်သည့် ဒရုန်းရာချီ ရုရှားကို ထောက်ပံ့ရန် အီရန် ပြင်ဆင်

အီရန်ဟာ ရုရှားကို လက်နက်တွေတပ်ဆင်နိုင်တဲ့ ဒရုန်းအမျိုးအစား ရာနဲ့ချီတဲ့ ထောက်ပံ့ပေးဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က ဇူလိုင် ၁၁ ရက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
မောင်းသူမဲ့လေယာဉ်တွေနဲ့ ဒီလိုယာဉ်တွေကို အသုံးပြုဖို့ လေ့ကျင့်ရေး သင်တန်းချိန်တွေ အပါအဝင် အမြန်ကျင့်အချိန်ဇယား တရပ်ကိုပါ ဇူလိုင် အစောပိုင်းလောက် ပို့ဆောင်နိုင်မှာဖြစ်ကြောင်း အချက်အလက်တွေ ရရှိထားတယ်လို့ Sullivan က အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရုရှားဟာ ယူကရိန်းမှာ သူ့ရဲ့ ဗျူဟာမြောက် ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ သိသိသာသာ ကျရှုံးနေကြောင်းလည်း ဆူလီဗန်က ပြောပါတယ်။
ယူကရိန်းကို နိုင်ငံအဖြစ်ကနေ အဆုံးသတ်ရေးအတွက် မြို့တော် ကိယက်ဗ်ကို သိမ်းယူဖို့၊ ကမ္ဘာ့မြေပုံကနေ ယူကရိန်း အထောက်အထားကို ဖယ်ရှားဖို့နဲ့ ယူကရိန်းဟာ ရုရှားနိုင်ငံအတွင်း လက်အောက်ခံအဖြစ် ထားဖို့ဆိုတဲ့ ရုရှားရဲ့မဟာဗျူဟာ ရည်မှန်းချက်ကြီး ကျဆုံးသွားပြီလို့ ဆိုပါတယ်။
ကိယက်ဗ်၊ ခါကိဗ်၊ အိုဒက်ဆာနဲ့ ယူကရိန်းနိုင်ငံရဲ့ အဓိကမြို့ကြီးတွေဟာ ယူကရိန်းလက်ထဲမှာ ရှိနေပြီး အမေရိကန်နဲ့ တခြား နေတိုး မဟာမိတ်တွေအပြင် ကမ္ဘာတဝန်းရှိ နိုင်ငံတွေရဲ့ ပံ့ပိုးမှုနဲ့ ယူကရိန်းစစ်တပ်က သတ္တိရှိရှိ ခုခံကာကွယ်နေတယ်လို့လည်း ဆိုပါတယ်။
“ကျနော်တို့ဟာ စစ်မြေပြင်မှာရော စေ့စပ်ညှိနှိုင်းရေးစားပွဲမှာရော သူတို့ရဲ့ ရည်မှန်းချက်တွေကို နောက်ဆုံးမှာ အောင်မြင်နိုင်စေမယ့် ဗျူဟာတခုအနေနဲ့ ယူကရိန်းစစ်တပ်နဲ့ ယူကရိန်းအစိုးရတို့နဲ့ ဆက် လက်တွဲသွားမယ်” လို့ ဆူလီဗန်က ပြောသွားပါတယ်။