close

နယူးယောက်တက္ကသိုလ်မှ ဆရာဝန်များက ဝက်နှလုံးကို လူ ၂ ဦးတွင် အောင်မြင်စွာ ခွဲစိတ်တပ်ဆင်

အမေရိကန်နိုင်ငံ နယူးယောက်တက္ကသိုလ်က ခွဲစိတ်ဆရာဝန်တွေဟာ မျိုးဗီဇ ပြုပြင်ပြောင်းလဲထားတဲ့ ဝက်ရဲ့နှလုံးတွေကို ဦးနှောက်သေနေတဲ့ လူ ၂ ယောက်ဆီမှာ အောင်အောင်မြင်မြင် အစားထိုး ခွဲစိတ်တပ်ဆင်နိုင်ခဲ့တယ်လို့ သုတေသီတွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဇူလိုင် ၁၃ ရက်မှာ ဖော်ြပပါတယ်။

အစားထိုးခွဲစိတ်ကုသဖို့ လူ့ကိုယ်တွင်း ကလီစာတွေ ရှားပါးပြတ်လပ်နေချိန်မှာ ဝက်ရဲ့ အစိတ်အပိုင်းတွေကို သုံးနိုင်မယ့် ရေရှည်ပန်းတိုင်အတွက် ခြေတလှမ်း ပိုနီးလာပြီလို့လည်း သုတေသီတွေက ပြောပါတယ်။

ဇွန်နဲ့ ဇူလိုင်လတွေမှာ သုံးရက်ကြာ စမ်းသပ်မှုအတွင်း နှလုံးတွေက ပုံမှန်အလုပ်လုပ်နေပြီး ဇီဝဖြစ်စဉ်က ငြင်းပယ်တဲ့လက္ခဏာ မရှိဘူးလို့ သူတို့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မတ်လမှာ အသက် ၅၇ နှစ်အရွယ် အမျိုးသားတယောက် နှလုံးရောဂါနဲ့ သေဆုံးအပြီး ခုလို စမ်းသပ်ခဲ့တာပါ။ ဒီလူဟာ မျိုးဗီဇပြုပြင်ထားတဲ့ ဝက်နှလုံးကို အစားထိုးကုသခံတဲ့ ပထမဆုံးလူသားအဖြစ် မေရီလန်းတက္ကသိုလ်မှာ ဇန်နဝါရီလက သမိုင်းဝင်ထားသူပါ။ 

သူ့ရဲ့နှလုံး ဘာလို့ နောက်ဆုံးမှာ သေသွားလဲဆိုတဲ့ အကြောင်းရင်းကို ခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ သူ့ရဲ့သွေးထဲမှာ ဝက်ရဲ့ ဗိုင်းရပ်စ်တမျိုးကို ထောက်လှမ်းတွေ့ရှိခဲ့လို့ သူသေဆုံးရတဲ့အကြောင်းရင်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သတ်မှတ်ထားကြပါတယ်။

အသစ်ထပ်မံစမ်းသပ်တဲ့ ဝက်နှလုံးတွေကိုတော့ နယူးယောက်တက္ကသိုလ်က ရေဗစ်ဗစ်ကော နိုင်ငံတကာ ကော်ပိုရေးရှင်းက မျိုးဗီဇ ပြုပြင်ထားတာပါ။

အဆင့်မြင့် စောင့်ကြည့်ရေးလုပ်ငန်းစဉ်ကို သုံးပြီး ဗိုင်းရပ်စ်ကို စစ်ဆေးထားတယ်လို့ သုတေသီတွေက ပြောပါတယ်။ အသစ်တပ်ဆင်တဲ့ နှလုံးတွေမှာတော့ ဗိုင်းရပ်စ်ရှိကြောင်း သက်သေမပြနေဘူးလို့ ဆိုပါတယ်။

//
Up