မက္ကဆီကိုတွင် အမေရိကန်ကုမ္ပဏီများ ဒေါ်လာ ၄၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

အမေရိကန်ကုမ္ပဏီတွေဟာ အခုချိန်ကနေလာမယ့် ၂၀၂၄ ခုနှစ်အတွင်း မက္ကဆီကိုမှာ ဒေါ်လာ ၄၀ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတယ်လို့ မက္ကဆီကိုသမ္မတ အန်ဒရေးစ်မန်နျူယယ်လိုပက်ဇ် အိုဘရာဒေါက အမေရိကန်နဲ့ မက္ကဆီကို အမှုဆောင်အရာရှိတွေကို ပြောကြားလိုက်ပါတယ်။
လိုပက်ဇ် အိုဘရာဒေါဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံပြီး နောက်တနေ့ ဇူလိုင် ၁၃ ရက်မှာ စီးပွားရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှု အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေကို ဖြေဖျောက်ဖို့ ရည်ရွယ်ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောလိုက်တာ ဖြစ်ပါတယ်။
လိုပက်ဇ်အိုဘရာဒေါဟာ နိုင်ငံပိုင်စွမ်းအင်ဈေးကွက်ကို ထိန်းချုပ်မှု တင်းကျပ်ထားပြီး ကုမ္ပဏီတွေ နဲ့ အစိုးရအကြား အငြင်းပွားမှုတွေကြောင့် မက္ကဆီကိုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလီယံနဲ့ ချီပြီး သိမ်းဆည်းခံထားရတာပါ။
မက္ကဆီကိုနိုင်ငံဟာ သွင်းကုန်အပေါ် မှီခိုနေရမှုကို ကူညီလျှော့ချဖို့အတွက် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု တွေ အရေးတကြီး လိုအပ်နေကြောင်း မနက်ခင်းစားပွဲကို တက်ရောက်ခဲ့တဲ့ မက္ကဆီကို ဘီလျံနာ သူဌေး ကားလော့စ် စလင်းမ် က ပြောပါတယ်။
စီးပွားရေးခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုဟာ အမေရိကန် စွမ်းအင်ကုမ္ပဏီတွေရဲ့ မက္ကဆီကိုမှာ ဆိုင်းငံ့နေတဲ့ ရင်းနှီးမြုပ်နှံမှု တလှေကြီးအပေါ် တိုးတက်မှုကို ဖော်ဆောင်နိုင်မှာ ဖြစ်ကြောင်း မက္ကဆီကို တာဝန်ရှိသူတွေက အရင် ပြောထားဖူးပါတယ်။
မက္ကဆီကိုနဲ့ အမေရိကန်တို့ဟာ ဒေါ်လာဘီလီယံ ၃၀ လောက်တန်တဲ့ အမေရိကန် ကုမ္ပဏီတွေ ပါဝင်ပတ်သက်နေတဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းဆောင်ရွက်နေတယ်လို့ မက္ကဆီကို နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပါတယ်။
မနက်ခင်း စားပွဲမှာ မက္ကဆီကို စီးပွားရေးဝန်ကြီး တာရှာနာ ကလိုသီယာလည်း ရောက်ရှိနေခဲ့ပြီး သူဟာ ဆမ်ပရာစွမ်းအင်အပါအဝင် စွမ်းအင်ကုမ္ပဏီတွေကို လာနားထောင်တာဖြစ်တယ်လို့ လိုပက်ဇ် အိုဘရာဒေါက မှတ်ချက်ပေးခဲ့ကြောင်း သူ့ရဲ့တွစ်တာမှာ ရေးသားထားပါတယ်။