close

ကမ္ဘာကြီးပူနွေးလာမှုအပေါ် အရှိန်မြှင့်ကိုင်တွယ်ရန် မက္ကဆီကိုအား ကန်အထူးသံ တိုက်တွန်း

မက္ကဆီကိုနိုင်ငံအနေနဲ့ ကမ္ဘာကြီးပူနွေးလာမှုကို ကိုင်တွယ်ဖြေရှင်းရာမှာ အရှိန်မြှင့်လုပ်ဆောင်သင့်တယ်လို့ အမေရိကန် ရာသီဥတုဆိုင်ရာ အထူးသံတမန် ဂျွန်ကယ်ရီက ဇွန် ၁၄ ရက်မှာ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

“ဒါကို မြန်မြန်ဆန်ဆန်လုပ်ဆောင်ဖို့ အရေးကြီးနေပြီဆိုတာ အလေးပေးပြောကြားပါတယ်” လို့ ဂျွန်ကယ်ရီက မက္ကဆီကိုသမ္မတ အင်ဒရေးစ် မန်နျူယလ် လိုပဇ် အိုဘရာဒေါနဲ့ တွေ့ဆုံပြီးနောက်မှာ ပြောသွားတာပါ။

ဒီ့အတွက် ကမ္ဘာ့ ၂၅ နိုင်ငံမြောက် အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်တဲ့ မက္ကဆီကိုမှာ တာဝန်ရှိကြောင်း အလေးပေးဖော်ပြပြီး သန့်ရှင်းတဲ့စွမ်းအင်ကို ဖန်တီးထုတ်လုပ်တင်ပို့ဖို့ သဘာဝအရင်းအမြစ်တွေ ပေါကြွယ်ဝမှုကို မီးမောင်းထိုးပြခဲ့ပါတယ်။

သမ္မတ အိုဘရာဒေါဟာ ရာသီဥတု အကျပ်အတည်းနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုမှာ အလေးအနက် ကတိကဝတ်ပြုသွားကြောင်း ကယ်ရီက ပြောကြားခဲ့ပါတယ်။

သမ္မတဟာ အသွင်ကူးပြောင်းရေးလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီး မက္ကဆီကိုပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့နည်းလမ်းနဲ့ ဆောင်ရွက်သွားဖို့ရှိကြောင်းလည်း ဆိုပါတယ်။

မက္ကဆီကိုနိုင်ငံဟာ ဇွန် ၁၇ ရက်မှာ ရာသီဥတုအဆင့် ၁၀ ဆင့်ကို တင်ပြဖို့ စီစဉ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီး မာဆယ်လို အက်ဘ်ရာ့ဒ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်စွမ်းအင်ကုမ္ပဏီ COMFEL.UL ကလည်း ပုဂ္ဂလိကကဏ္ဍနဲ့တွဲပြီး နေရောင်ခြည်စွမ်းအင် တိုးမြှင့်ရေး ပရောဂျက်တွေပါ ပါလာဖို့ မျှော်လင့်ထားကြောင်း၊ အဲဒီထဲမှာ လျှပ်စစ်ကားတွေ တိုးမြှင့်ဖို့နဲ့ ရာသီဥတုပြောင်းလဲမှုမှာ အကူအညီဖြစ်စေတဲ့ မီသိန်းဓာတ်ငွေ့ကို လေထုထဲကနေ ဖမ်းယူခြင်းတွေလည်း ပါဝင်ပါတယ်။

ဂျွန်ကယ်ရီဟာ စွမ်းအင်ကဏ္ဍမှာ မက္ကဆီကိုအစိုးရရဲ့ ပါဝါကို မြှင့်တင်ပေးနိုင်ပြီး ပုဂ္ဂလိကကဏ္ဍနဲ့ နိုင်ငံခြားကုမ္ပဏီတွေကို ဘေးဖယ်ထားနိုင်တဲ့ ဥပဒေမူကြမ်းတခု အဆိုပြုထားချက်အပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့ပါတယ်။

မက္ကဆီကိုနိုင်ငံရှိ နိုင်ငံခြားစွမ်းအင်ကုမ္ပဏီတွေရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ သမ္မတ အိုဘရာဒေါဟာ အဓိကပါတီတွေရဲ့ ဆွေးနွေးမှုတွေကို အချိန်ယူနားထောင်ခဲ့ပြီး သူတို့ကိုလည်း ပါဝင်စေဖို့ ကတိပြုခဲ့တယ်လို့ ကယ်ရီက ပြောပါတယ်။

//
Up