ရေဖြူမြို့နယ်တွင် စစ်ကား ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး မိုင်းခွဲဖြိုဖျက်ခံရပြီးနောက် စစ်ကူလာတဲ့ စစ်ကား ၃ စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါး ယောက် သေဆုံးခဲ့တယ်လို့ Dawei Guerrilla Revolutionary Force - DGRF က ထုတ်ပြန်ပါတယ်။
DGRF တာဝန်ရှိသူတယောက်က “ပဒေသာမိုင်း ခွဲလိုက်တယ်။ စစ်ကား သုံးစီးမှာ နှစ်စီးကတော့ ပျက်စီးသွားတယ်။ စကစ ငါးယောက်သေတယ်တော့ သိရတယ်။ ထိခိုက်ဒဏ်ရာလည်း များတယ်လို့ သိရပေမဲ့ အတည်မပြုနိုင်သေးဘူးပေါ့” လို့ ပြောပါတယ်။
ရေဖြူမြို့ အရှေ့ဘက်ကမ်း နဝဒေးလမ်းရှိ စရဖရုံးကို DGRF၊ T1 Zone၊ TPLF နဲ့ ဝေဟင်တပ်စုတို့ ပူးပေါင်းပြီး ဇူလိုင် ၁၃ ရက် ည ၁၀ နာရီခွဲလောက်က ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ ရုံးအဆောက်အအုံ တခုလုံးနီးပါး ပြာကျပျက်စီးခဲ့တာဖြစ်ပါတယ်။
အဲဒီလို တိုက်ခိုက်ခံခဲ့ရတဲ့အတွက် စစ်ကူလာတဲ့ စစ်ကောင်စီကား သုံးစီးကို Launglone PDF၊ TPLF၊ ဇင်ယော်တပ်စုနဲ့ ချာတိတ် စတဲ့ ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပဒေသာမိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ကျန်တဲ့ စစ်ကောင်စီတပ်သားတွေ ကြောက်လန့်တကြား ပစ်ခတ်မှုတွေ ပြုလုပ်ပြီး ကျန်ကားတစီးနဲ့ ပြန်လှည့် ထွက်ပြေးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။