ကျိုက်ထိုတွင် ကား ၅ စီးပါ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ ဇူလိုင် ၁၅ ရက် မနက် ၁၀ နာရီလောက်က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ပဲခူးတိုင်း ဝေါမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ထဲကို မောင်းနှင်းလာတဲ့ ကား ၅ စီးပါ စစ်ကောင်စီယာဉ်တန်းကို သတင်းအရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ကြိုတင် စောင့်ဆိုင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီကား တစ်စီး ထိခိုက်ပျက်စီးခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန် ၁၅ မိနစ်နီးပါးကြာ ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၂ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိနိုင်ပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ကျိုက်ထိုမြို့နယ် ဘိုက္ကားကျေးရွာရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၂) အရှေ့မှာ တစ်နာရီနီးပါးအကြာ ရပ်နားပြီးနောက် ဘီးလင်းမြို့နယ်ထဲကို ဆက်လက် မောင်းဝင်သွားတာ ဖြစ်ပါတယ်။
ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာမှာတော့ စစ်ကောင်စီယာဉ်တန်း မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်ခံနေရတာ ဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။