ထားဝယ်-ထီးခီး လမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ် အရှေ့တောဒေသ၊ ထားဝယ်-ထီးခီး ကားလမ်းမပေါ်က မဲချောင်းရွာအနီးမှာ ပကာရီကျေးရွာဘက်ကနေ ထားဝယ်မြို့ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ ကား ၁၅ စီးပါ စစ်ကောင်စီယာဥ်တန်းကို ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Aဒင်မှူး) အဖွဲ့က ဇူလိုင် ၁၁ ရက် ညနေပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီကား ၂ စီး ထိခိုက်ပြီး စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မိုင်းဆွဲခံရမှုအပြီး မဲချောင်းရွာအနီး စစ်ကောင်စီဘက်က ရမ်းသန်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နဲ့ ၆ ရက်တွေမှာလည်း ထားဝယ်အရှေ့တောဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဥ်တန်းနဲ့ ထားဝယ်အရှေ့တောဒေသ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထားဝယ်-ထီးခီး ကားလမ်းမပေါ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက် ကျဆုံးခဲ့ပါတယ်။
ထားဝယ်အရှေ့တောဒေသမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် ထားဝယ်အရှေ့တောနယ်က ဒေသခံတချို့ နီးစပ်ရာ ဘေးကင်းတဲ့ ကျေးရွာတွေနဲ့ မြို့ပေါ်က ဘုန်းကြီးကျောင်းတချို့မှာ သွားရောက် စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။