close

ရုရှားဒုံးကျည်ကြောင့် နစ်ပရိုမြို့တွင် လူ ၃ ဦးထက်မနည်း သေဆုံး

ယူကရိန်းနိုင်ငံအလယ်ပိုင်း နစ်ပရိုမြို့မှာ ဇူလိုင် ၁၅ ရက် ညနေပိုင်းက ရုရှားရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

စက်မှုစက်ရုံနဲ့ လူစည်ကားတဲ့ လမ်းဘေးကို ဒုံးကျည်တွေ ထိမှန်ခဲ့တယ်လို့ ဒေသန္တရ အုပ်ချုပ်ရေးမှူး ဗလန်တင် ရက်ဇနီချန်ကိုက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ပြောထားပါတယ်။

နစ်ပရိုမြို့က ယုဇ်မာ့ရှ် စက်ရုံဟာ အာကာသယာဉ်၊ ပစ်လွှတ်တဲ့ ဒုံးပျံတွေ၊ လယ်ထွန်စက်တွေ၊ ကိရိယာတွေနဲ့ စက်မှုထုတ်ကုန်တွေကို တည်ဆောက်ပါတယ်။ 

အီလွန် မက်စ်ခ်ရဲ့ SpaceX ကုမ္ပဏီက အာကာသထဲ လွှတ်တင်ခဲ့တဲ့ ဂြိုဟ်တုတွေကိုလည်း ဒီစက်ရုံက ထုတ်ပေးခဲ့တာပါ။

ရုရှားစစ်တပ်ဟာ တော့ချ်ကာ-ယူ ပဲ့ထိန်းဒုံးကျည်တွေအတွက် အစိတ်အပိုင်းတွေကို ထုတ်လုပ်တဲ့ နစ်ပရိုမြို့က  စက်ရုံတရုံကို ဖျက်ဆီးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၆ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ရုရှားရဲ့ တိုက်ခိုက်မှု ၃၀ ရာခိုင်နှုန်းသာ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို ထိမှန်ခဲ့ပြီး ကျန်တာတွေက အရပ်ဘက် နေရာတွေကို ထိမှန်ခဲ့တယ်လို့ ဇူလိုင် ၁၅ ရက်မှာ ပြောခဲ့ပါတယ်။

ဒီအချက်ကို သီးခြား အတည်မပြုနိုင်သေးပါဘူး။ ပြီးခဲ့တဲ့ ၃ ရက်အတွင်း မြို့ပြတွေမှာ တိုက်ခိုက်ခဲ့လို့ လူ အယောက် ၄၀ လောက် သေဆုံးခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။

//
Up