ခါကိဗ်မြို့တွင် ရုရှားဒုံးကျည်ထိမှန်ပြီး အရပ်သား ၃ ဦး သေဆုံး

ယူကရိန်းနိုင်ငံ အရှေ့မြောက်ဒေသမှာရှိတဲ့ ခါကိဗ်မြို့မှာ ရုရှားစစ်တပ်က ပစ်လိုက်တဲ့ ဒုံးကျည်ထိမှန်ပြီး လူ ၃ ယောက်သေဆုံး၊ ၅ ယောက် ဒဏ်ရာရတယ်လို့ ဒေသ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
အုပ်ချုပ်ရေးမှူး အာလေ ရှန်နက်ဂူဘော့ဗ်က “နမ်ရှယန်မြို့နယ်ထဲမှာ အရပ်သား ၃ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရသွားတယ်” လို့ တယ်လီဂရမ်မှာ ရေးထားပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်ကတည်းက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားကတော့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ မရှိဘူးလို့ တလျှောက်လုံး ငြင်းဆိုနေတာပါ။
ရိုက်တာသတင်းတပုဒ်မှာတော့ ရုရှားဘက်က ဒုံးကျည်ထိမှန်ပြီး သေဆုံးသွားတဲ့ ဇနီးသည်ရဲ့ အလောင်းဘေးမှာ ငိုနေတဲ့ အမျိုးသားကို မှတ်တမ်းတင်ထားပါတယ်။
တခြား ၂ ယောက်ကလည်း အိမ်အပြင်မှာ ကြောင်စာကျွေးနေတဲ့အချိန် လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ သေဆုံးသွားတာလို့ မျက်မြင်တွေက ပြောပါတယ်။
ရုရှားတပ်တွေဟာ ယူကရိန်းနယ်မြေတွေကို သိမ်းယူနေပြီး အရှေ့ပိုင်းက လူဟန်းစ်ခ်ဒေသကို ဇူလိုင် ၃ ရက်မှာ အပြီးသိမ်းပိုက်ထားလိုက်ပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ ရုရှားတပ်တွေဟာ လေ့လာသုံးသပ်သူတွေ ခန့်မှန်းထားသလောက် ရှေ့မတိုးနိုင်သေးဘဲ မြို့တော် ကိယက်ဗ်နဲ့ ဒုတိယမြို့တော် ခါကိဗ်တို့ကို သိမ်းပိုက်ဖို့ အစောပိုင်း ကြိုးပမ်းမှုကလည်း မအောင်မြင်ဘဲ တပ်ပြန်ဆုတ်ခဲ့ရပါတယ်။