close

ရေး-ချောင်းတောင် မြစ်ကူးတံတားရှိ စစ်ကောင်စီလုံခြုံရေးအဖွဲ့ ဗုံးခွဲခံရ

မွန်ပြည်နယ်  ရေးမြို့  ရေး- ချောင်းတောင်မြစ်ကူးတံတားပေါ်မှာ လုံခြုံယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဇူလိုင် ၁၉ ရက် မနက် ၉ နာရီခွဲလောက် ဗုံးနဲ့ ဖောက်ခွဲတိုက်ခံရတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ပြီး သေနတ်သံကြားတာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်ကြပြီး ဈေးဆိုင်တချို့ ပိတ်သိမ်းကြကာ အသွားအလာ သိပ်မလုပ်ရဲကြဘူးလို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်အချက်ပေါင်း ဒါဇင်နဲ့ချီ ပြန်လှန်ပစ်ခတ်ခဲ့သလို ရေးမြစ်အတွင်းကိုလည်း သေနတ်ပစ်ခတ်ခဲ့ကြတယ်လို့ ဒေသခံ တချို့က ပြောပါတယ်။

"အခု ရေး ချောင်းတောင် မြစ်ကူးတံတားမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ကို ရေးဘီးလူးအဖွဲ့ သားတွေက ဝင်ရောက်စီးနင်းပစ်ခတ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိနိုင်တယ်" လို့ ရေးဘီးလူးအဖွဲ့မှ ပြောပါတယ်။

ဖြစ်စဉ်အပြီးမှာ ချောင်းတောင်ကျေးရွာက ဒေသခံ ၁ ဒါဇင်နီးပါးလောက်ကို စစ်ကောင်စီတပ်ဘက်မှ ထိန်းသိမ်းထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာတော့ လူတွေအသွားအလာ မလုပ်ရဲကြဘဲ တံတားကို လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“စစ်ကောင်စီဘက်က လုံခြုံရေးယူနေတဲ့သူတွေရဲ့ ထိခိုက်သေဆုံးတဲ့အခြေအနေကိုတော့  မသိရသေးဘူး။ ဒီတံတားမှာ  လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ဒေသဆိုင်ရာ PDF တွေရဲ့ မကြာခဏ ဗုံးဖောက်ခွဲတာ ခံရလေ့ရှိတယ်။” 

အခုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်နဲ့ ဒေသဆိုင်ရာ PDF တွေဘက်ကပါ  ထိခိုက်သေဆုံး ဒဏ်ရာရအခြေနေတွေကို သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

//
Up