သီရိလင်္ကာယာယီသမ္မတ နုတ်ထွက်ပေးရန် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ ဆန္ဒပြ

သီရိလင်္ကာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ဒါဇင်ပေါင်းများစွာဟာ မြို့တော်ကိုလံဘိုရဲ့ အဓိက ရထား ဘူတာရုံ အပြင်ဘက်မှာ ဇူလိုင် ၁၈ ရက်က စုရုံးခဲ့ကြပြီး ယာယီသမ္မတ ရာနေးလ် ဝစ်ကရာမန်ဆင်းဂ် နုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဇူလိုင် ၂၀ မှာ ကျင်းပမယ့် လွှတ်တော်အစည်းအဝေးအတွင်း သမ္မတသစ် ရွေးချယ်ရာမှာ ဆူပူအုံကြွမှုကို တားဆီးဖို့ ကြိုးစားတဲ့အနေနဲ့ ဝစ်ကရာမန်ဆင်းဂ်က အရေးပေါ်အခြေအနေ ကြေညာထားပေမယ့် ဇူလိုင် ၁၇ ရက်မှာ စတင်ဆန္ဒပြခဲ့ကြတာပါ။
အရေးပေါ်အခြေအနေအတွက် သီးခြားဥပဒေပါ ပြဋ္ဌာန်းချက်တွေကို အစိုးရက မကြေညာခဲ့ပါဘူး။
“ယာယီသမ္မတက ရာထူးက နုတ်ထွက်ရမှာဖြစ်လို့ ဒီနေ့ လမ်းမပေါ်ထွက်ခဲ့ကြတယ်။ ရာနေးလ် ဝစ်ကရာမန်ဆင်းဂ် က ပြည်သူတွေရဲ့ ထောက်ခံမှု မရှိဘူး၊ အုပ်ချုပ်ဖို့ လုပ်ပိုင်ခွင့် မရှိဘူး” လို့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် မဟင်ဒါ ဂျာဆင်ဟီက ပြောခဲ့ပါတယ်။
ဝန်ကြီးချုပ် ရာနေးလ် ဝစ်ကရာမန်ဆင်းဂ်ဟာ ယာယီသမ္မတအဖြစ် ဇူလိုင် ၁၅ ရက်က ကျမ်းသစ္စာကျိန် ဆိုခဲ့တာပါ။
သီရိလင်္ကာ ခေါင်းဆောင်တွေဟာ ဧပြီလကတည်းက အရေးပေါ်အခြေအနေ အကြိမ်ပေါင်းများစွာ ကြေညာခဲ့တာပါ။
နက်ရှိုင်းလာတဲ့ စီးပွားရေးအကျပ်အတည်းအပေါ် အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံကိုရော၊ မရှိမဖြစ် လိုအပ်တဲ့ ကုန်စည်တွေ ဆက်တိုက် ပြတ်လပ်တာကိုပါ ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေလည်း ပေါ်ပေါက် ခဲ့ပါတယ်။
လွန်ခဲ့သည့် တစ်ပတ်က ကိုလံဘိုမြို့ လမ်းမများပေါ်သို့ ထောင်နှင့်ချီသော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများ ထွက်လာပြီး သမ္မတ ရိုတာဘာယာ ရာဂျာပတ်စာရဲ့ တရားဝင် အိမ်နဲ့ ရုံးခန်းကို သိမ်းပိုက်ပြီးတဲ့နောက် သမ္မတဟာ မော်လ်ဒိုက်နဲ့ စင်ကာပူ နိုင်ငံတွေဆီကို ပြီးခဲ့တဲ့ သီတင်းပတ်က ထွက်ပြေးခဲ့ရပါတယ်။