close

သီရိလင်္ကာဝန်ကြီးချုပ်၏ ရုံးခန်းကို ဆန္ဒပြသူများ ဖြိုချ

သီရိလင်္ကာအစိုးရက နိုင်ငံကိုအရေးပေါ်အခြေအနေ ကြေညာထားချိန် ဇူလိုင် ၁၃ ရက်မှာ မြို့တော် ကိုလံဘိုမြို့ရှိ ဝန်ကြီးချုပ် ရာနေးလ်ဝစ်ကရာမန်ဆင်းဂ်ရဲ့ ရုံးခန်းနံရံတွေကို ဆန္ဒပြသူတွေက ရိုက်ဖြိုခဲ့ကြပါတယ်။

ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေ အတန်းလိုက်ကို ဖြတ်ကျော်ပြီး ဝန်ကြီးချုပ်ရုံးကို ဒေသစံတော်ချိန် နေ့လယ်ဝန်းကျင်မှာ ဝိုင်းထားခဲ့ပြီး ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေ ခြံစည်းရိုးတွေပေါ်ကနေ တက်လာချိန်မှာ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက မျက်ရည်ယိုဗုံးတွေ အများအပြားနဲ့ ပစ်ခတ်ခဲ့ပါတယ်။

“ယာယီသမ္မတအဖြစ် တာဝန်ယူထားတဲ့ ဝန်ကြီးချုပ်က ပြည်လုံးကျွတ် အရေးပေါ် အခြေအနေကို ကြေညာခဲ့ပြီး နိုင်ငံအနောက်ပိုင်းပြည်နယ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့တယ်” လို့ ဝန်ကြီးချုပ်ရဲ့ မီဒီယာအတွင်းရေးမှူးက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။ အနောက်ပိုင်းပြည်နယ်ထဲမှာ မြို့တော် ကိုလံဘိုလည်း ပါပါတယ်။

ငွေကြေးဖောင်းပွမှု၊ အကျင့်ပျက်ခြစားမှု၊ လောင်စာဆီနဲ့ ဆေးဝါးတွေ ဆိုးဆိုးရွားရွား ပြတ်လပ်မှုတွေအတွက် ထွက်ပြေးသွားတဲ့ သမ္မတနဲ့ သူ့မဟာမိတ်တွေကို အပြစ်တင်တဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ကိုလံဘိုမြို့တော်က အစိုးရအဆောက်အအုံတွေကို သိမ်းပိုက်ခဲ့ပါတယ်။

စီးပွားရေးအကျပ်အတည်းကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ တအုံနွေးနွေး အုံကြွလာနေတာ လအတော်ကြာနေပါပြီ။

သီရိလင်္ကာသမ္မတ ဂိုတာဘာယာရာဂျာပက်ဆာဟာ ရာထူးကမဆင်းမီ နာရီပိုင်းအလိုမှာ ဗုဒ္ဓဟူးနေ့က နိုင်ငံထဲကနေ ထွက်ပြေးသွားပြီလို့ အစိုးရ သတင်းရင်းမြစ်တချို့ကို ကိုးကားပြီး မီဒီယာတွေက ဖော်ပြနေကြပါတယ်။

//
Up