close

မြန်မာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၇ ဦး ထပ်မံတွေ့ရှိ

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၇ ယောက် ထပ်မံပြီးတော့ စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့  စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၉ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၅,၁၂၆ ခုကို စစ်ဆေးခဲ့ချိန်မှာ အတည်ပြုလူနာသစ် ၁၇ ယောက် တွေ့ရှိရတာဖြစ်ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၀ ဒသမ ၃၃ ရာခိုင်နှုန်း ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ မရှိတာမို့ စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၄၃၄ ယောက် ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၆၁၃,၈၅၅ ယောက် ရှိလာခဲ့ပြီဖြစ်ကာ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၅၉၂,၇၅၄ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီစစ်ဆေးထုတ်ပြန်ချက်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်ပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနကတော့   ကိုဗစ်-၁၉ အသစ်ဖြစ်ပွားမှုဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း တကမ္ဘာလုံးအတိုင်းအတာအရ မြင့်တက်လာ တယ်လို့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားသတင်းထုတ်ထားပါတယ်။

အရှေ့တောင်အာရှဒေသတွင်းမှာလည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ၂၀ ရာခိုင်နှုန်းနဲ့ သေဆုံးမှု ၁၆ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ကြောင်း လူနာသစ်တွေ့ရှိမှု မြင့်တက်လာချိန်မှာ   ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲ B.A.5 နဲ့ B.A.4 ဖြစ်ပွားနှုန်း များပြားလာခြင်းတို့ ဆက်စပ်မှု ရှိနေတာတွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ပြည်သူလူထုအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမယ့် ရောဂါကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက်လိုက်နာဆောင်ရွက်ကြဖို့ အထူးအရေးကြီးတယ်လို့ NUG အစိုးရက တိုက်တွန်းထားပါတယ်။

//
Up