ယူကရိန်းနိုင်ငံသားများ အပါအဝင် ကမ္ဘာတဝန်း လူကုန်ကူးခံရသူပေါင်း ၂၅ သန်းခန့်ရှိ

ရုရှားရဲ့ ကျူးကျော်မှုအပြီးမှာ ထိခိုက်အလွယ်ဆုံး ယူကရိန်းနိုင်ငံသားတွေ အများအပြားအပါအဝင် ကမ္ဘာတဝန်းရှိ လူ ၂၅ သန်းဟာ လူကုန်ကူးမှုရဲ့သားကောင်တွေ ဖြစ်နေကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဇူလိုင်လ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။
လူကုန်ကူးမှုဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ ထုတ်ပြန်ချိန်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထနီဘလင်ကန်က ယူကရိန်း NGO လာစထရာဒါ အဖွဲ့ဥက္ကဋ္ဌ ကာတရီနာ ချာရာပါခါ အပါအဝင် လူကုန်ကူးမှုတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူတွေကို ဂုဏ်ပြု ချီးမြှင့်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အစီရင်ခံစာထဲမှာ လူကုန်ကူးမှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ လုံခြုံရေးတပ်ဖွဲ့တွေ၊ သို့မဟုတ် အစိုးရ ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့တွေက ကလေးစစ်သား စုဆောင်းခြင်း၊ သို့မဟုတ် အသုံးပြုခြင်းတွေကို မူဝါဒ၊ သို့မဟုတ် ပုံစံချမှတ် ဆောင်ရွက်နေတဲ့ နိုင်ငံတွေစာရင်းထဲမှာ ရုရှားကို ထည့်သွင်းထားပါတယ်။
အစီရင်ခံစာပါ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို ဝါရှင်တန်ရှိ ရုရှားသံရုံးက ချက်ချင်း တုံ့ပြန်ခြင်း မရှိပါဘူး။
ရုရှားအပြင်၊ ကဏ္ဍသစ်ထဲမှာ အာဖဂန်နစ္စတန်၊ မြန်မာနိုင်ငံ၊ ကျူးဘား၊ အီရန်၊ မြောက်ကိုရီးယားနဲ့ တခြား ၅ နိုင်ငံတို့ကိုလည်း လူကုန်ကူးမှု၊ အစိုးရ ဆက်စပ်ကဏ္ဍတွေမှာ အဓမ္မလုပ်အားပေး ခိုင်းစေခြင်း၊ အစိုးရစခန်းတွေမှာ လိင်ကျွန်ပြုခြင်း၊ ကလေးစစ်သားတွေကို အလုပ်ခန့်ခြင်း သို့မဟုတ် စုဆောင်းခြင်းတွေကို မူဝါဒချမှတ်၊ ပုံစံဖော် လုပ်ဆောင်နေကြောင်း စာရင်းပြုစုထားပါတယ်။
ဒီအစီရင်ခံစာဟာ ကလေးစစ်သားတွေကို အလုပ်ခန့်တဲ့၊ သို့မဟုတ် စုဆောင်းတဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံရဲ့ သီးခြားစာရင်းလည်း ပါရှိပါတယ်။ အဲဒီထဲမှာ ရုရှားနဲ့ နိုင်ငံတော်-စပွန်ဆာ အသစ်တွေ စာရင်းထဲ ပါဝင်သူတွေကိုလည်း ထည့်သွင်းထားပါတယ်။