close

ထိုင်းဝန်ကြီးချုပ်ကို ဖြုတ်ချရန် လွှတ်တော်၌တင်သွင်းသည့်အယုံအကြည်မရှိအဆို ရှုံးနိမ့်

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီး ၁၀ ယောက်ကို ဖြုတ်ချဖို့ ဇူလိုင် ၂၃ ရက်က လွှတ်တော်တွင်း အယုံအကြည်မရှိ အဆို မဲခွဲရာမှာ အဆိုဘက်က  ရှုံးနိမ့်သွားပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ တနှစ်တောင် မကျန်တော့အချိန်မှာ ဝန်ကြီးချုပ် ပရာယွတ်အတွက် ကြီးမားတဲ့ စမ်းသပ်ချက်လည်း ဖြစ်ပါတယ်။ 

အသက် ၆၈ နှစ်အရွယ် စစ်တပ် အကြီးအကဲဟောင်းဟာ ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းပြီးကတည်းက အစိုးရအဖွဲ့ကို ဦးဆောင်နေတာပါ။ 

ဝန်ကြီးချုပ်ကို ဖြုတ်ချဖို့ ဆိုရင် လွှတ်တော်တွင်းမှာ အမတ် ၄၇၇ ရှိတဲ့အထဲ ၂၃၉ ယောက်ဆီက အယုံအကြည်မရှိအဆိုကို ထောက်ခံမဲ လိုအပ်ပါတယ်။ 

ဇူလိုင် ၂၃ ရက်က လွှတ်တော်တွင်း မဲခွဲရာမှာ အမတ် ၂၅၆ ယောက်က ပရာယွတ်ကို ထောက်ခံ မဲပေးခဲ့ပြီး ၂၀၆ ယောက်က အယုံအကြည်မရှိ အဆိုကို ထောက်ခံကာ၊ ၉ ယောက်က ကြားနေမဲ ပေးခဲ့ကြပါတယ်။ 

ဒါကြောင့် ဝန်ကြီးချုပ် ပရာယွတ်ဟာ ရာထူးသက်တမ်း ကုန်ဆုံးတဲ့အချိန် မတ်လအထိ အစိုးရ အကြီးအကဲအဖြစ် ဆက်ရှိခွင့်ရသွားပါတယ်။

ဒုဝန်ကြီး ၃ ယောက်နဲ့ တခြား ဝန်ကြီး ၇ ယောက်ကို ဖြုတ်ချမယ့် အယုံအကြည်မရှိ အဆိုလည်း ရှုံးနိမ့်သွားပါတယ်။ 

ထိုင်းနိုင်ငံမှာ ၂၀၁၉ ခုနှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ဝန်ကြီးချုပ် ပရာယွတ်ကို အာဏာ မြဲအောင် သေချာ အကွက်ချထားတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ အတိုက်အခံတွေက ဝေဖန်လေ့ရှိပါတယ်။ 

ဒါကြောင့် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပဖို့  တောင်းဆိုမှုတွေ ဆက်တိုက်ရှိနေပေမယ့် ပရာယွတ်ကတော့ ဘယ်တော့ ရွေးကောက်ပွဲ ကျင်းပမလဲဆိုတာကိုတော့ အခုချိန်ထိ ထုတ်ဖော် ပြောဆိုတာ မရှိသေးပါဘူး။

//
Up