close

ပခုက္ကူမြို့နယ်တွင် ဒေသခံပြည်သူ ၃ ဦးကို စစ်တပ်က ဖမ်းဆီး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဇူလိုင် ၂၄ ရက်နေ့က ဒေသခံပြည်သူ ၃ ယောက်ကို စစ်အုပ်စုက  ဖမ်းဆီးသွားတယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။

မနေ့ မနက် ၈ နာရီလောက်မှာ မြစ်ခြေမြို့က ကိုဇာနည်ထွန်းကို ပြည်သူ့ကာကွယ်ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်လို့ စွပ်စွဲပြီး ​ဆိုင်ကယ်နဲ့ အပြင်သွားချိန်မှာ စစ်အုပ်စုတွေက မြစ်ခြေ-စဘေကားလမ်းမှာ ဖမ်းဆီးသွားကြတာလို့ မြစ်ခြေမြို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ပခုက္ကူ-ရေစကြိုကားလမ်း မြို့ဖေစက်သုံးဆီဆိုင်ရှေ့မှာနေထိုင်တဲ့ ကိုသက်ဇော်ဦး(ခ) ကိုသက်ကိုလည်း PDFတပ်ဖွဲ့ကို ငွေကြေးထောက်ပံ့သူလို့ စွပ်စွဲပြီး စစ်ကောင်စီတပ်သားတွေနဲ့ အပေါင်းပါတွေက ဖမ်းဆီးသွားကြတယ်လို့ ပခုက္ကူမြို့ ဒေသခံက ပြောပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့ အမှတ် ၆ ရက်ကွက်မှာလည်း ညနေ ၃ နာရီလောက်မှာ ခရီးသွားပြည်သူ ကိုဇော်မျိုးထွဋ်ရဲ့ လက်ကိုင်ဖုန်းကို ပေါက်ရွှေပြည်ခရီးသည်တင်ကားပေါ်မှာ စစ်အုပ်စုတွေက စစ်ဆေးပြီး မမှန်သတင်းရေးသားဖြန့်ဝေသူလို့ စွပ်စွဲပြီး ဖမ်းဆီးသွားပါတယ်။

"အဖမ်းခံရသူတွေကိုတော့ ပခုက္ကူမြို့မရဲစခန်း စစ်ကြောရေးကိုပို့ဆောင်လိုက်ကြတယ်။ ပခုက္ကူမြို့ အဝင်အထွက်ဂိတ်တွေနဲ့ ကားဂိတ်တွေမှာ  စစ်ကောင်စီတပ်တွေက နေ့စဥ်ရက်ဆက် စစ်ဆေးဖမ်းဆီးတာတွေလုပ်နေလို့ ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ လိုအပ်တယ်"လို့ ပခုက္ကူမြို့ဒေသခံက ပြောပါတယ်။

စစ်တပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ  ဇူလိုင် ၂၂ရက် အထိ နိုင်ငံတဝန်း   မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူပေါင်း ၁၁၇၅၉ ယောက်ရှိပြီး အဲဒီထဲက ၁၃၄၅ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေး အသင်း AAPP က ဇူလိုင် ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

//
Up