close

သေဒဏ်ပေးကွပ်မျက်မှုအပေါ် ကုလအကြီးအကဲ အပြင်းအထန် ရှုတ်ချ

ဒီမိုကရေစီအရေးလှုပ်ရှားသူ  ၄ ဦးကို မြန်မာ စစ်တပ်က သေဒဏ်ပေး ကွပ်မျက်လိုက်တဲ့အပေါ်  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်  အန်တိုနီယိုဂူတာရပ်စ်က အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို စစ်ကောင်စီက သေဒဏ်ပေးကွပ်မျက်လိုက်တာနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့  ပြောရေးဆိုခွင့်ရှိသူက  ဇူလိုင်လ ၂၅ ရက်မှာ ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်တာပါ။

ဘယ်အခြေအနေမှာမဆို သေဒဏ်ပေးတာကို အတွင်းရေးမှူးချုပ်က ကန့်ကွက်ဆန့်ကျင်ကြောင်း ကုလသမဂ္ဂ  လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဖာရန်ဟတ်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အခုလို သေဒဏ်ပေး ကွက်မျက်မှုဟာ  မြန်မာနိုင်ငံမှာ အလွန့်အလွန်ဆိုးရွားနေတဲ့ လူ့အခွင့်အရေး အခြေအနေကို ပိုလို့ ယိုယွင်းဆိုးရွားလာစေတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က  ပြောပါတယ်။

ဒါ့အပြင် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် မြန်မာစစ်တပ်က တရားလက်လွတ် ဥပဒေမဲ့ ဖမ်းဆီးထားခဲ့တဲ့ အကျဉ်းသားတွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ကိုလည်း ကုလသမဂ္ဂ အကြီးအကဲက  ထပ်မံတောင်းဆိုခဲ့ပါတယ်။

//
Up