close

ရွှေပြည်သာမြို့နယ်နှင့် လှိုင်မြို့နယ်တွင် ဗုံးပေါက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်နဲ့ လှိုင်မြို့နယ်တွေမှာ ဇူလိုင် ၂၆ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့  မြို့ခံတွေထံက သိရပါတယ်။

ရွှေပြည်သာမြို့နယ် အမှတ် ၆ ရပ်ကွက်၊ တရားရုံးလမ်းသွယ်ရှိ မြို့နယ်တရားရုံးရှေ့မှာ မနေ့ည ၈ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“အသံအကျယ်ကြီးပဲ အိမ်ကတောင်ကြားရတယ်။ အရင်ရက်တွေကတော့ တရားရုံးဘက်မှာ စစ်တပ်က စောင့်တာမျိုးရှိတယ် ဒီညတော့ ရှိ၊ မရှိ မသိဘူး။”

လှိုင်မြို့နယ် ၁၂  ရပ်ကွက် ပါရမီလမ်းရှိ တည်းခိုခန်းတစ်ခုရှေ့ လမ်းဘေးပလက်ဖောင်းပေါ်မှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့  ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

“စိန်တည်းခိုခန်း အရှေ့နားမှာ ပေါက်တယ် ပြောတယ်။  စစ်တပ်တွေရော ရဲတွေရော အများကြီးပဲ ရောက်နေတာ လူထိတာတော့ မကြားမိဘူး။”

ရန်ကုန်မှာပြီးခဲ့တဲ့ နှစ်ရက်အတွင်း ဗုံးပေါက်ကွဲမှုနှစ်ကြိမ်နဲ့ ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ခဲ့ပြီးနောက် လုံခြုံရေးအရ ဧည့်စာရင်းစစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေ ပြုလုပ်လာနိုင်တယ်လို့ အမည် မဖော်လိုသူရဲအရာရှိတစ်ဦးက ပြောပါတယ်။

“ကိုဂျင်မီတို့ကိစ္စ သတင်းစာထဲပါတဲ့နေ့က အလုံမြို့နယ် လဝကရုံး ဗုံးနဲ့ပစ်ခံရတယ်။ အင်းစိန်ထောင် သေနတ်နဲ့ ပစ်ခံရတယ်။ ဒီနေ့လည်း ရွှေပြည်သာနဲ့ လှိုင်မှာ ဗုံးပေါက်တယ်။ မြောက်ဥက္ကလာမှာ ပစ်ခတ်မှုဖြစ်တယ်။ ဒါကြောင့် ပစ်ခတ်မှုဖြစ်တဲ့ မြို့နယ်တွေမှာ ဧည့်စာရင်းစစ်ဖို့ရှိတယ်”လို့ ရဲအရာရှိက ပြောပါတယ်။

အခုလအတွင်း ရန်ကုန်က မြို့နယ်တချို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေးတချို့ ပစ်ခတ်ခံရလို့ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် ၁၂ ဦးသေဆုံးခဲ့ပြီး ၁၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

//
Up