close

ရာသီဥတု အရေးပေါ်အခြေအနေကို အခွင့်အလမ်းတခုအဖြစ် ရှုမြင်ကြောင်း သြစ‌တြေးလျ အစိုးရသစ် ပြော

သြစတြေးလျနိုင်ငံဟာ ကမ္ဘာ့ရာသီဥတု အရေးပေါ်အခြေအနေကို အလုပ်အကိုင်တွေဖန်တီးဖို့ အခွင့်အလမ်းတခုအဖြစ် ရှုမြင်တယ်လို့ အလုပ်သမားပါတီ ဦးဆောင်တဲ့ အစိုးရသစ်က ဇူလိုင် ၂၇ ရက်မှာ ပြောလိုက်ပါတယ်။

သြစတြေးလျအစိုးရဟာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး ပစ်မှတ်ကို ဥပဒေအဖြစ် ထည့်သွင်း ပြဋ္ဌာန်းခဲ့ပါတယ်။

၂၀၃၀ ခုနှစ်မှာ ဓာတ်ငွေ့ထုတ်လွှတ်မှု ၄၃ ရာခိုင်နှုန်း လျှော့ချရေး ပစ်မှတ်ကို သတ်မှတ်ပြီး ၂၀၅၀ ခုနှစ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့ အသားတင်ထုတ်လွှတ်မှု သုညကို သတ်မှတ်မယ့် ဥပဒေဟာ အစဖြစ်ပြီး ဥပဒေ အကောင်အထည်ဖော်မှုကို လွတ်လပ်တဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အာဏာပိုင်တွေက စောင့်ကြည့်မှာပါ။

သြစတြေးလျဟာ ဆယ်စုနှစ်တခုကြာ နိုင်ငံရေးတိုက်ပွဲတွေ ဖြစ်ပွားနေခဲ့လို့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု တိုက်ဖျက်ရေးမှာ နောက်ကြောင်းပြန်နေခဲ့တယ်လို့ ရာသီဥတုနဲ့ စွမ်းအင်ဝန်ကြီး ခရစ်ဘိုဝမ်က ပြောပါတယ်။

ဥပဒေပြုလိုက်တာဟာ သြစတြေးလျကို စီးပွားရေးအတွက် လမ်းဖွင့်ထားပြီး ‘နိုင်ငံတကာ နိုင်ငံသားကောင်းတဦးအဖြစ် ပြန်လာပြီ’ ဆိုတဲ့ သတင်းစကား ပေးပို့မှာဖြစ်တယ်လို့ ရာသီဥတုနဲ့ စွမ်းအင်ဝန်ကြီး ဘိုဝမ်က ပြောပါတယ်။

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု တိုက်ဖျက်ရေး တွန်းအားပေးနေတဲ့ ဂရင်းပါတီနဲ့ တသီးပုဂ္ဂလတွေက မေလ ရွေးကောက်ပွဲမှာ အမတ်နေရာတွေကို စံချိန်တင် အနိုင်ရခဲ့ပါတယ်။

လွှတ်တော်ကနေ ဖယ်ရှားခံခဲ့ရတဲ့ လစ်ဘရယ်နဲ့ နေးရှင်း ညွန့်ပေါင်းအဖွဲ့တွေက ပိုဆိုးလာတဲ့ မီးလောင်ကျွမ်းမှုတွေနဲ့ ရေကြီးမှုတွေက ဒီဥပဒေကြမ်းကို ဆန့်ကျင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

//
Up