ရေးမြို့နယ်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တံတားကြီးထိပ်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဇူလိုင် ၂၇ ရက် မနက် ၇ နာရီလောက်မှာ သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO) က ထုတ်ပြန်ပါတယ်။
စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပေမဲ့ အတိအကျ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဒီစစ်ဆင်ရေးဟာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေ ဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် ၄ ဦးတို့အတွက် သွေးကြွေးပြန်ဆပ်တဲ့ Mission No 1 ဖြစ်တယ်လို့ မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO) က ထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO) တွဲဖက်တာဝန်ခံ ကိုအဂ္ဂကတော့ အဲဒီတိုက်ခိုက်မှုအတွင်း စစ်သား တယောက် သေဆုံးခဲ့ကြောင်းနဲ့ နောက်ပိုင်းမှာလည်း စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်ပြီး သွေးကြွေးပြန်ဆပ်သွားမယ်လို့ ပြောပါတယ်။
စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့နယ်အဝင်အထွက် နေရာတွေနဲ့ မြို့ပေါ် ရပ်ကွက်တချို့မှာ ပိတ်ဆို့ ရှာဖွေ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO) ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်စခန်းတွေ၊ စစ်ကောင်စီဌာနဆိုင်ရာရုံးနဲ့ အုပ်ချုပ်ရေးမှူးရုံးတွေကို မကြာခဏဆိုသလို ဝင်ရောက် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။