မက္ကဆီကိုစီးတီးတွင် ကိုကင်း ၁ တန်ခွဲ သိမ်းဆည်းမိ

မက္ကဆီကိုစီးတီးမှာ ဇူလိုင် ၂၆ ရက်က နောက်တွဲပါ ကုန်တင်ယာဉ် ၂ စီးထဲ ဖွက်ထားတဲ့ ကိုကင်း ၁ ဒသမ ၅ တန် (၃,၃၀၆ ပေါင်) ကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပြီး မြို့မှာ ကိုကင်းဖမ်းဆီးရမိမှု အများဆုံးဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
ရာနဲ့ချီတဲ့ ကိုကင်းအထုပ်တွေ ဝှက်ထားတဲ့ လျှို့ဝှက်အခန်းတွေပါတဲ့ ထရပ်ကား ၂ စီးကို ကြားဖြတ်ဖမ်းဆီးလိုက်တာဖြစ်ပြီး ဒါဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့ ဘဏ္ဍာရေးဖွဲ့စည်းပုံအတွက် အဓိကထိုးနှက်ချက်တခုပဲလို့ မက္ကဆီကိုမြို့ ရဲမှူး အိုမာ ဂါစီယာ ဟာဖပ်ချ်က ပြောပါတယ်။
ကိုကင်းသင်္ဘောဟာ ကိုလံဘီယာကနေ ပင်လယ်လမ်းကြောင်းနဲ့ ထွက်ခွာပြီး နိုင်ငံတောင်ပိုင်းရှိ လူစည်ကားရှုပ်ထွေးမှုအများဆုံး ကမ်းခြေတခုဖြစ်တဲ့ ပြူဝါတို အက်စ်ကွန်ဒီဒိုရဲ့ ကမ်းစပ်တွေဆီ ပို့ဆောင်ပေးပြီးနောက်မှာ မက္ကဆီကိုမြို့တော်ကို ရောက်ရှိခဲ့တာပါ။
မူးယစ်ဆေးဝါးတချို့ကို မြို့တော်က နာမည်ဆိုးထွက်တဲ့ တယ်ပီတိုရပ်ကွက်မှာ ဖြန့်ဝေဖို့ဖြစ်ပေမဲ့ အများစုကို အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းကို ပို့ဆောင်ရမှာ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါး သယ်ဆောင်မှုရဲ့ စျေးကွက်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၂၀ လောက် ရှိကြောင်း မက္ကဆီကိုစီးတီး ရဲတပ်ဖွဲ့က ပြောပြီး မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနဲ့ ဆက်စပ်တဲ့ သံသယရှိသူ လေးယောက်ကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။