close

အီးယူနိုင်ငံများကို လျှပ်စစ်ဓာတ်အား ပိုမိုတင်ပို့ရောင်းချမည်ဟု ယူကရိန်းသမ္မတပြော

ဥရောပတိုက်ဟာ ရုရှားဆီကနေ ဓာတ်ငွေ့ပေးပို့မှု လျော့နည်းလာတာကို ရင်ဆိုင်နေရတာကြောင့် ယူကရိန်းနိုင်ငံက ဥရောပသမဂ္ဂကို လျှပ်စစ်ဓာတ်အား တင်ပို့ရောင်းချမှု မြှင့်တင်မှာဖြစ်ကြောင်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဇူလိုင် ၂၇ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဥရောပနဲ့ စွမ်းအင်ကုန်သွယ်မှု ချဲ့ထွင်ခြင်းကနေ နိုင်ငံခြားငွေကြေး ရရှိစေမှာဖြစ်ကြောင်း သမ္မတ ဇလန်းစကီးက သူ့ရဲ့ ညစဉ်မိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။

ယူကရိန်းဟာ ရုရှားကျူးကျော်မှုနောက်ပိုင်း ပြည်တွင်းလျှပ်စစ်ဓာတ်အားသုံးစွဲမှု ကျဆင်းသွားတာကြောင့် ယူကရိန်းရဲ့ လျှပ်စစ်မီး သို့မဟုတ် သဘာဝဓာတ်ငွေ့ ပေးဝေမှုလို အများပြည်သူဝန်ဆောင်ဌာနတွေမှာ ငွေသားစီးဆင်းမှု တိုးလာမယ်လို့လည်း ဆိုပါတယ်။

အီးယူနဲ့ ယူကရိန်းတို့ဟာ ရုရှားရဲ့ ကျူးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ သူတို့ရဲ့ လျှပ်စစ်ဓာတ်အားလိုင်းကို မတ် ၁၆ ရက်က ချိတ်ဆက်ခဲ့တာပါ။

ယူကရိန်းဟာ စစ်ရေးအရ တိုက်ခိုက်မှုတွေကြောင့် ဓာတ်အားရရှိမှု ပျက်ပြားခဲ့ရင် ဥရောပကနေ အရေးပေါ် လျှပ်စစ်ဓာတ်အားကို လက်ခံရရှိစေဖို့အတွက် ဖြစ်ပါတယ်။

ရက်သတ္တပတ်တွေအတွင်း လုပ်ဆောင်ခဲ့တဲ့ အရေးပေါ် ချိတ်ဆက်လမ်းကြောင်းဟာ ၂၀၂၃ ခုနှစ်အတွက် ကနဦးစီစဉ်ထားတာဖြစ်ပြီး စီးပွားဖြစ် လျှပ်စစ်ဓာတ်အားရောင်းဝယ်ရေး အတွက်တော့ မပါဝင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့လက ယူကရိန်းဟာ အီးယူကို လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်နေပြီလို့ ဇလန်းစကီးက ပြောကြားခဲ့ပါတယ်။

ရိုမေးနီးယားကို ဓာတ်အားပို့လွှတ်မှု စတင်တာဟာ ရုရှား ဟိုက်ဒရိုကာဗွန်တွေအပေါ် မှီခိုအားထားမှုကို လျှော့ချနိုင်စေဖို့အတွက် ဥရောပကိုကူညီမယ့် လုပ်ငန်းစဉ်ရဲ့အစ ဖြစ်ကြောင်း သမ္မတ ဇလန်းစကီးက ဇွန် ၃၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

//
Up