close

ထိုင်းတွင် မျောက်ကျောက်ရောဂါကူးစက်ခံရသူ နောက် ၁ ဦး ထပ်မံတွေ့ရှိ

ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါကူးစက်ခံရတဲ့ လူနာနောက်ထပ် တယောက် တွေ့ရှိတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီး အနုထင်းချန်းဝီရကွန်းက ဇူလိုင် ၂၈ ရက် ဒီကနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ 

မျောက်ကျောက်ရောဂါသံသယရှိသူ  တယောက်ရဲ့ နမူနာစတွေကို ဆေးသိပ္ပံဆိုင်ရာဆရာဝန် များအသင်းရဲ့ ဓာတ်ခွဲခန်းမှ စစ်ဆေးရာမှာ မျောက်ကျောက်ရောဂါပိုးတွေ့ရှိကြောင်း  ကူးစက်ရောဂါထိန်းချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးက အကြောင်းကြားလာတယ်လို့  ကျန်းမာရေးဝန်ကြီးက  အနုထင်းက ပြောပါတယ်။ 

အဆိုပါလူနာမှာ ဘန်ကောက်မှာနေတဲ့ အသက် ၄၇ နှစ်ရွယ်ရှိ ထိုင်းအမျိုးသား တယောက်ဖြစ်ပြီး သူဟာ နိုင်ငံခြားသားနဲ့ လိင်တူဆက်ဆံခဲ့ဖူးတဲ့ရာဇဝင်ရှိပြီး  ဇူလိုင် ၁၂ ရက်ကစလို့  နေမကောင်းဖြစ်တာလို့ ဆိုပါတယ် ။ 

၂ ရက်တာ ဖျားနာပြီးတဲ့နောက် တကိုယ်လုံးကိုက်ခဲနာကျင်လာကြောင်း၊ တပတ်လောက်ကြာတော့ လိင်အင်္ဂါမှာ အဖုစပေါက်ပြီး အဲဒီနောက် ခြေလက်မျက်နှာနဲ့ ခန္ဓာကိုယ်တွေမှာပါ အဖုတွေထွက်လာလို့ ဆေးရုံလာပြတာလို့ ဆိုပါတယ်။ 

မျောက်ကျောက်ရောဂါဖြစ်ကြောင်း အဖြေထွက်တဲ့နောက် သူနဲ့ဆက်စပ်သူ ၁၀ ယောက်ကိုလည်း ထပ်မံစစ်ဆေးကာ ၂၁ ရက်တာ အခြေအနေစောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

နောက်ထပ် ဆက်စပ်သူတွေလည်း ရှိနေနိုင်တာမို့ မိမိကိုယ်မိမိ သံသယရှိ သူတွေအနေနဲ့ ဆေးရုံမှာလာရောက်စစ်ဆေးဖို့ သက်ဆိုင်ရာက အသိပေး ကြေညာထားပါတယ်။ 

ထိုင်းနိုင်ငံမှာ ဇူလိုင် ၁၈ ရက်တုန်းကလည်း အသက် ၂၇ နှစ်ရွယ် နိုင်ငံခြားသား တယောက်ထံမှ မျောက်ကျောက်ရောဂါကူးစက်သူတွေ့ရှိခဲ့ပါတယ်။ သူဟာ နိုင်ဂျီးရီးယားနိုင်ငံသားဖြစ်ပြီး  ဖူးကက်ခရိုင်မှာ လာရောက်လည်ပတ်စဉ် နေထိုင်မကောင်းလို့ စစ်ဆေးရာက ရောဂါပိုး တွေ့ရှိခဲ့တာပါ။  

ကိုးကား- Bangkokbiznews

//
Up