ယူကရိန်းစစ်ပြေးဒုက္ခသည်များ ထားရန် ဂျာမနီက လေဆိပ်ဟောင်းကို ပြုပြင်တည်ဆောက်

ဂျာမနီနိုင်ငံဟာ ဇူလိုင် ၂၈ ရက်က သူတို့မသုံးတော့တဲ့ တေဂဲလ် လေဆိပ်ဟောင်းကို အသွင်ပြောင်းပြီး ယူကရိန်းက စစ်ပြေးဒုက္ခသည်တွေနဲ့ တခြားနေရာတွေက ခိုလှုံခွင့် တောင်းခံလာသူတွေကို ထားရှိဖို့ လေယာဉ်ပြေးကတ္တရာလမ်းမပေါ်မှာ တဲတွေဆောက်လုပ်ခဲ့ပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်ပြီး တလနီးပါးအကြာ မတ် ၂၀ ရက်မှာ ဘာလင်ကို ရောက်လာကြတဲ့ ယူကရိန်းဒုက္ခသည်တွေအတွက် မှတ်ပုံတင်ရေးစင်တာကို တေဂဲလ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ဂျာမန်မြို့တော်ကို နေ့တိုင်း ရောက်လာနေတဲ့ ယူကရိန်းဒုက္ခသည် ၅၀၀ လောက်အထိ ရှိနေသေးပြီး တချို့လည်း အရေးပေါ် နေရာထိုင်ခင်းတွေမှာ ထားဖို့ လိုအပ်နေသေးကြောင်း ဂျာမနီ လူမှုရေးဝန်ကြီး ကတ်ယာ ကစ်ပင်းက ပြောပါတယ်။
“ဒီရွက်ဖျင်တဲတွေက လက်ရှိလုပ်ဆောင်နေတာတွေရဲ့ မြင်သာတဲ့အပိုင်းတွေဖြစ်ပြီး သူ့ဌာနကတော့ နေရာထိုင်ခင်းတွေ ပိုဖန်တီးပေးနိုင်ဖို့ မရေမတွက်နိုင်တဲ့ အစီအမံတွေကို လုပ်ဆောင်နေကြောင်း” လည်း ပြောပါတယ်။
ဒီနှစ်အစပိုင်းကစပြီး ပုံမှန်နေရာထိုင်ခင်းအသစ် ၂,၄၀၀ နဲ့ တေဂဲလ်လေဆိပ်မှာလည်း အရေးပေါ် နေရာထိုင်ခင်းတွေအပြင် အဆောင်တွေမှာလည်း ရေတို အရေးပေါ်နေရာထိုင်ခင်း အများအပြားကို ဖန်တီးပေးခဲ့တယ်လို့ ဆိုပါတယ်။
တေဂဲလ်လေဆိပ်ကို ဘာလင်တံတိုင်း မဆောက်ခင် ၁ နှစ်အလို ၁၉၆၀ ခုနှစ်မှာ စီးပွားဖြစ် လေကြောင်းပျံသန်းဖို့ စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ပိတ်ခဲ့ပါတယ်။