close

သေဒဏ်စီရင်မှုကိစ္စ စစ်ကောင်စီခန့် သံအရာရှိကို ဂျာမနီ နိုင်ငံခြားရေးဌာနက ဆင့်ခေါ်

ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို  သေဒဏ်စီရင်ခံခဲ့တာနဲ့ ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချတဲ့အကြောင်း ပြောကြားဖို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံရုံး အကြီးတန်းအရာရှိတယောက်ကို   ဆင့်ခေါ်ထားတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

ဂျာမနီအစိုးရရဲ့ သဘောထားကို လာရောက်ကြားနာဖို့  ဘာလင်မြို့ရှိ စစ်ကောင်စီခန့် သံအရာရှိကို ဆင့်ခေါ်ထားတာမှန်ကန်ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် မာတင်ထရူမယ်က “သေဒဏ်စီရင်မှုကို ဂျာမနီက အပြင်းထန်ဆုံးဆန့်ကျင်ရှုတ်ချလိုက်ပြီး စစ်ကောင်စီအနေနဲ့ သေဒဏ်စီရင်တဲ့ဥပဒေကို မြန်မာနိုင်ငံမှာ အသုံးမပြုဘဲရပ်နားထားတဲ့အတိုင်း ဆက်လက်ရပ်နားထားဖို့အပြင် အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်” လို့  သူ့ရဲ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။

အခုသီတင်းပတ်အစောပိုင်းမှာ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ထဲကအတိုင်း တူညီတဲ့သဘောထားရှိကြောင်းနဲ့ ဒီလိုသေဒဏ်စီရင်လိုက်မှုကြောင့် လွန်စွာထိတ်လန့်တုန်လှုပ်ခဲ့ရတယ်လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

မြန်မာစစ်ကောင်စီကတော့ ဒီလူတွေဟာ အခါခါသေသင့်တယ်ဆိုတဲ့ စကားလုံးကို သုံးနှုန်းပြီး နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုတွေကို ပြန်လည်တုံ့ပြန်ထားကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

//
Up