close

ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို PPDFက ဗုံးခွဲတိုက်ခိုက်

ပဲခူးတိုင်းအ‌နောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကျေးရွာတရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ဇူလိုင်  ၃၁ ရက်  ညနေ ၃ နာရီခွဲမှာ  ဗုံးပေါက်ကွဲခဲ့လို့ စစ်ကောင်စီတပ်သား ၂ ယောက်နဲ့  အုပ်ချုပ်ရေးအဖွဲ့ဝင်၂  ယောက်တို့ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့  ၃၆၀၁ တပ်ရင်း  PPDF တပ်ခွဲ ၃ က သတင်းထုတ်ပါတယ်။

စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေတာဝန်ကျနေတဲ့ ပေါင်းတည်မြို့နယ်၊ ခေမံအုပ်စု၊ ခေမံရွာထိပ်ရှိ စစ်ဆေးရေးဂိတ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့   ၃၆၀၁ တပ်ရင်း  PPDF တပ်ခွဲ ၃ တာဝန်ရှိသူကပြောပါတယ်။  

“အဓိကက စစ်ကောင်စီကရပ်ရွာတွေ အေးချမ်းနေပြီဆိုပြီး ၊ ပေါင်းတည်မြို့နယ်ထဲက ကျေးရွာအုပ်စု ၁၈ ရွာမှာ ဘောလုံးပွဲတွေလုပ်ရမယ်ဆိုပြီး အမိန့်ထုတ်ပြီးလုပ်ခိုင်းတာကို အခုခေမံရွာက စလုပ်တာ၊ သူတို့ ဘောလုံးပွဲကျင်းပနေတာ ၄ ရက်ရှိပြီ၊ ဒါ့အပြင်သူတို့က ပျော်ပွဲရွှင်ပွဲတွေပါ လုပ်ခိုင်းထားတာ၊ ဘောလုံးပွဲကို ဗုံးခွဲရင် ပြည်သူတွေပါထိခိုက်မှာစိုးလို့ အဲ့ဒီ ခေမံရွာအဝင် သူတို့ စစ်ဆေးရေးလုပ်တဲ့ ဂိတ်ကိုပဲ ဗုံးနဲ့တိုက်ခိုက်လိုက်လိုက်တာ” လို့ပြောပါတယ်။

ဗုံးခွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်နဲ့ စစ်ကောင်စီခန့်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် နှစ်ယောက် စုစုပေါင်း သုံးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ပေါင်းတည်ဆေးရုံမှာ လူနာလာစောင့်တဲ့ ဒေသခံတဦးက  “မနေ့ညနေကတည်းက ပေါင်းတည်ဆေးရုံကို စစ်သားတွေ ရောက်လာတာ၊ အရပ်သား နှစ်ဦးက ဒဏ်ရာသိပ်ပြင်းပုံတော့မရဘူး။ စစ်သား နှစ်ဦးလည်း ပါတယ်၊ သူတို့ကတော့ အခြေအနေမကောင်းဘူး။ သေနိုင်တယ်။ အခုမနက်ကျ အဲ့ဒီဒဏ်ရာရ စစ်သားတွေတော့ အခု ပေါင်းတည်ဆေးရုံမှာ မထားတော့ဘူး။ ဘယ်ကိုခေါ်သွားတာလဲ မသိဘူး။ သေသွားတာလား။ တခြားတနေရာရာကို ရွှေ့သွားတာလား မသိဘူး”လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ နောက်နောင်မှာ  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တတ်နိုင်သလောက် လွတ်ကင်းအောင် သတိထားရှောင်ရှားသွားလာကြဖို့နဲ့ မပတ်သက်ကြဖို့  Paungde People Defense Force - PPDF က မေတ္တာရပ်ခံထားပါတယ်။

ပေါင်းတည်မြို့ မြောက်ဘက်မှာရှိတဲ့ ခေမံကျေးရွာမှာ  စစ်ကောင်စီအဖွဲ့ဝင်တွေ၊ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ တစညပါတီဝင်တွေ စုပေါင်းပြီး အသင်း ၁၈ သင်းပါတဲ့ အုပ်စုပတ်လည်ဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၇ ရက် ညနေကတည်းက ကျင်းပနေတာဖြစ်ပါတယ်။ 

အခုတော့ ဗုံးပေါက်ကွဲမှုကြောင့် ဘောလုံးပွဲ ရပ်တန့်ထားလိုက်ပြီ၊ စစ်ကောင်စီဘက်ကလည်း လုံခြုံရေးမပေးနိုင်တော့သလို ဘောလုံးကန်မယ့်သူတွေလည်း မလာကြတော့ဘူးလို့ ၃၆၀၁ တပ်ရင်း  PPDF တပ်ခွဲ ၃  တာဝန်ရှိသူက  ဒီဗွီဘီကို ပြောပါတယ်။

//
Up