close

ကင်တပ်ကီပြည်နယ်တွင် မိုးသည်းထန်ပြီး‌ ရေကြီး၊ အနည်းဆုံး လူ ၃၇ ဦးသေဆုံး

ကင်တပ်ကီပြည်နယ် အရှေ့ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းရာကနေ ရေကြီးရေလျှံ ဖြစ်ပေါ်မှုကြောင့် ကလေး ၄ ဦး အပါအဝင် အနည်းဆုံး လူ ၃၇ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒီ ဘီရှီးယားက သြဂုတ် ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

အန္တရာယ်ပိုများတဲ့ ရာသီဥတုဟာ ဒေသကို ချဉ်းကပ်လာနေကြောင်းလည်း သတိပေးလိုက်ပါတယ်။

ဘီရှီးယားဟာ တနင်္လာနေ့မနက်မှာ သေဆုံးသူ ၃၀ ဦးရှိကြောင်း အတည်ပြုခဲ့ပြီးနောက် နေ့လယ် သတင်းစာရှင်းလင်းပွဲ လုပ်နေချိန်မှာပဲ ၅ ဦး ထပ်တိုးလာပြီး နောက်ထပ် ပိုများလာနိုင်ကြောင်းလည်း ပြောခဲ့ပါတယ်။ နောက် နာရီအနည်းငယ်အကြာမှာတော့ နောက်ထပ် သေဆုံးသူ ၂ ဦးရှိကြောင်း တွစ်တာမှာ အတည်ပြုခဲ့ပါတယ်။

အာဏာပိုင်တွေဟာ ဒေသခံတွေကို ကယ်ဆယ်ဖို့ ဆက်လုပ်နေပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ ထောင်ပေါင်းများစွာအတွက် စားနပ်ရိက္ခာနဲ့ အမိုးအကာတွေကို ထောက်ပံ့ပေးခဲ့ပါတယ်။

ရာသီဥတုအခြေအနေကြောင့် ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေမှာ အဟန့်အတား ဖြစ်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မြို့ခံအများအပြားဟာ ညတွင်းချင်း မိုးသည်းထန်စွာ ရွာသွန်းမှုအတွက် ကြိုတင်ပြင်ဆင်မှု မရှိလိုက်ဘဲ သေဆုံးမှုတွေ ပိုဖြစ်ခဲ့ရတာလို့ ဘီရှီးယားက ပြောပါတယ်။

ကင်တပ်ကီပြည်နယ် အရှေ့ပိုင်းမှာ ကျန်ရှိနေသေးတဲ့ လူတွေအတွက် ညနေဘက် မုန်တိုင်းတွေမလာခင် ကုန်းမြင့်တွေကို ရှာထားကြဖို့လည်း သူက အကြံပြုထားပါတယ်။

အမျိုးသားမိုးလေဝသဌာနကတော့ အင်္ဂါနေ့အထိ မိုးရွာသွန်းမှုနဲ့ မုန်တိုင်းတွေ ဆက်တိုက်ဆိုသလို ဖြစ်ဦးမယ်လို့ ခန့်မှန်းထားပါတယ်။

ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဆိုးရွားဆုံး ရေဘေးသင့်ရတဲ့ ဒေသတွေမှာ နေအိမ်အချို့ မျောပါသွားခဲ့ရပါတယ်။

လက်ရှိကြုံတွေ့နေရတဲ့ ရေဘေးဟာ ပြည်နယ်ရဲ့သမိုင်းမှာ အဆိုးရွားဆုံးတွေလို့လည်း ဘီရှီးယားက ပြောပါတယ်။

//
Up