အယ်လ်ကိုင်းဒါးခေါင်းဆောင်ကို ဒရုန်းယာဉ်ဖြင့် ပစ်သတ်ခဲ့ဟု အမေရိကန်သမ္မတပြော

အယ်လ်ကိုင်းဒါးအဖွဲ့ခေါင်းဆောင် အိုင်မန် အယ်လ် ဇာဝါဟီရီကို ဒရုန်းယာဉ်နဲ့ ပစ်ခတ်သတ်ဖြတ်လိုက်ပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဩဂုတ် ၁ ရက်မှာ ပြောပါတယ်။
ဇာဝါဟီရီကို အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော် ကဘူးလ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက် ဒေသစံတော်ချိန် ၆ နာရီ ၁၈ မိနစ်လောက် ဒရုန်းယာဉ်နဲ့ တိုက်ခိုက်သတ်ဖြတ်ခဲ့တာလို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတွေက ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က “ခုတော့ တရားစီရင်ပြီးပါပြီ။ အကြမ်းဖက်ခေါင်းဆောင် မရှိတော့ပါဘူး။ ကျနော်တို့ ဘယ်တော့မှ နောက်ပြန်မဆုတ်ဘူး” လို့ ပြောပါတယ်။
ဒါဟာ အယ်လ်ကိုင်းဒါးအဖွဲ့ကို တည်ထောင်သူ အိုစမာ ဘင်လာဒင် အသတ်ခံရအပြီး ၂၀၁၁ နောက်ပိုင်း အယ်လ်ကိုင်းဒါးတွေအပေါ် အကြီးဆုံး ထိုးနှက်မှုပါ။
အီဂျစ် ခွဲစိတ်ပညာရှင် ဇာဝါဟီရီဟာ ဒေါ်လာ ၂၅ သန်း ဆုငွေထုတ်ခံထားရသူလည်းဖြစ်ပြီး အမေရိကန်မှာ လူအယောက် ၃,၀၀၀ နီးပါး သေဆုံးခဲ့ရတဲ့ ၂၀၀၁ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုကို ကူညီဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။