အာဏာသိမ်း ၁ နှစ်ခွဲအကြာ စစ်အုပ်စုပစ်သတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၁၄၅ ဦးရှိလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၁၄၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၉၆၂ ယောက်အထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၈၆၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၃၆၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၇၇ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၉ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။
လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၀၇၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်က ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်မှ အထက်တန်းပြကျောင်းဆရာမဖြစ်သူ ဒေါ်ဝင်းလဲ့ဖြူဦးကို ထောင်ငူထောင်တွင်း အထူးတရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒေါ်ဝင်းလဲ့ဖြူဦးကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖြူးမြို့က မိဘတွေနေအိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့တာ လို့ ဆိုပါတယ်။
ဒါ့အပြင် ဇူလိုင် ၂၉ ရက်မနက် ၈ နာရီလောက်ကလည်း မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မင်းလွင်ကျေးရွာအုပ်စု၊ ထီးညာလူ ကျေးရွာထဲကို အကြမ်းဖက်စစ်အုပ်စုရဲ့ အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ပိန္နဲ တောစခန်းကနေ လက်နက်ကြီး ၇ လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါလက်နက်ကြီးကျည်ဟာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတယောက်ဖြစ်တဲ့ နော်ကပေါ်ထူး သေဆုံးခဲ့ပြီး သမီးဖြစ်သူ နော်ထွေးထွေးနဲ့ တီးအောင်ဇေယျတို့ လက်နက်ကြီး ထိမှန်ကာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။