စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်၊ ထွေအုပ်ရုံးနှင့် စည်ပင်ရုံးတို့ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ဩဂုတ် ၁ ရက် ညနေ ၃ နာရီခွဲလောက်က ကံပြားနဲ့ သဲကြီးကုန်းကျေးရွာကြားရှိ သဲချောင်းမှာ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။
အင်အား ၁၀၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မုံရွာမြို့နယ် သာစည်ကျေးရွာမှ ကား ၃ စီးနဲ့အတူ ခြေလျင်တပ်ဖြန့်လာရာမှာ ရှေ့ထွက်မိုင်း ၁၀ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင်တဦးက “စကစတပ်က သာစည်ရွာကနေ တပ်ဖြန့်ပြီး ထွက်လာတာ၊ လမ်းတလျှောက် ကျေးရွာတွေကို ပတ်မွှေမယ့် အစီအစဉ်ရှိတယ်လို့ ယူဆရတာပဲ။ အဲ့ဒါကို ကျနော်တို့တပ်ဖွဲ့က ကြားဖြတ်ပြီး တိုက်ခိုက်ခဲ့တာပါ။ မိုင်းဆွဲခံရပြီး သူတို့ဘက်ကလည်း ပြန်ပစ်ပေမဲ့ ကျနော်တို့တပ်ဖွဲ့တွေ အထိအခိုက် မရှိခဲ့ပါဘူး” လို့ ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှု များပြားကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်မှု တစုံတရာ မရှိခဲ့ပေမဲ့ ဆိုင်ကယ် ၅ စီး မီးရှို့ခံလိုက်ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၂၊ တပ်ရင်း ၃ နဲ့ တပ်ရင်း ၄ တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့နယ်မှာလည်း သြဂုတ် ၁ ရက် နေ့လယ် ၂ နာရီလောက်က ထွေ/အုပ်ရုံးနဲ့ စည်ပင်ရုံးတို့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ကား ၂ စီး မီးလောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“စစ်ကိုင်းစည်ပင်ရုံး ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ခံရတယ်။ စည်ပင်ရုံးက အနည်းငယ် ထိခိုက်တာ။ အများကြီး ပျက်စီးတာ မတွေ့ရဘူး။ စစ်ကောင်စီတပ်တွေ ရောက်လာတယ်။ စစ်တာတွေ ပြုလုပ်သွားတယ်။”
စစ်ကိုင်းစည်ပင်ရုံးနဲ့ ထွေအုပ်ရုံးကို တိုက်ခိုက်တာ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ် ဆိုတာ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်က ဆားလင်းကြီးမြို့နယ် ဘေဂကျွန်းကျေးရွာနဲ့ တောကျောင်းကျေးရွာဘက် စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကြားဖြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။