အမှိုက်ပုံကြားက ထိုင်းအလှမယ်



ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြီးခဲ့တဲ့ စနေနေ့ ဇူလိုင် ၃၀ ရက် ညက ကျင်းပပြီးစီးသွားတဲ့ Miss Universe Thailand 2022 (၂၀၂၂ ထိုင်းအလှမယ်ပြိုင်ပွဲ) မှာ အသက် ၂၃ နှစ်အရွယ်ရှိ အဲန်းနား ဆေငမ်းအိမ်းဆိုတဲ့ မိန်းကလေး ပထမဆု အလှသရဖူ ဆောင်းခဲ့ပါတယ်။
သူမရဲ့မိဘတွေဟာ အမှိုက်သိမ်းသန့်ရှင်းရေးသမားတွေဖြစ်လို့ သူဟာအမှိုက်ပုံကြားကနေ ကြီးပြင်း ခဲ့ကြောင်း မီဒီယာကို ဖွင့်ဟပြောဆိုတာကြောင့် ဒီ ၂၀၂၂ ခုနှစ် ထိုင်းအလှမယ်ကို အမှိုက်ပုံကြားက အလှမယ်လို့လည်း တင်စားပြောဆိုနေကြပါတယ်။
သူမဟာ ဘန်ကောက်စိုက်ပျိုးရေးတက္ကသိုလ်မှ အမှတ်ကောင်းကောင်းနဲ့ ဘွဲ့ရခဲ့ပေမယ့် ပညာ ကိုတော့ ခက်ခက်ခဲခဲသင်ကြားခဲ့ရတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
“ကျမမိဘတွေက ကုမ္ပဏီတခုမှာ သန့်ရှင်းရေးလုပ်ပါတယ်ရှင့်၊ အမေက အမှိုက်လှည်း၊ ပန်းကန် ဆေး အဖေက အမှိုက်သိမ်းတာတွေလုပ်ပါတယ်။ ငယ်ငယ်က အဖေအမေ အလုပ်သွားတော့ သီလ ရှင်ဝတ်နေတဲ့အဖွားက ဘုန်းကြီးကျောင်းမှာခေါ်ထိန်းတယ်၊ ဘုန်းကြီးကျောင်းက ဆွမ်းကျန်တွေ စားပြီး ကြီးပြင်းလာတာပါ။ ကစားစရာဆိုရင်လည်း အမှိုက်ပုံထဲကရလာတဲ့ အရုပ်တွေကို ရေပြန်ဆေးပြီးကစားရတာပါ။ ကျမမိဘဘယ်သူဆိုတာ ပြောပြဖို့ ဘယ်တော့မှမရှက်ပါဘူး၊ ကျောင်းပြီးဖို့ မိဘတွေက ခက်ခက်ခဲခဲ ထောက်ပံ့ခဲ့ရတယ်၊ သူတို့ကိုကျေးဇူးတင်လို့ မဆုံးပါဘူး။”
၂၀၂၂ ထိုင်းအလှမယ် ရွေးချယ်ဖို့ ဆန်ကာတင်အလှဆုံး ၃ ယောက်ကို မေးခွန်းတွေမေးရာမှာ ပရီစတင်တာက သူမကို “အဲန်းနားဟာ ပန်းတွေနှစ်သက်သူလို့သိရပါတယ၊ မိမိကိုယ်မိမိ ပန်းနဲ့တင်စားမယ်ဆိုရင် ဘယ်ပန်းကိုရွေးမှာလဲ ဘာကြောင့်လဲ” လို့ မေးခဲ့ပါတယ်။
သူမက “အဲန်းနားအနေနဲ့ ကြာပန်းကိုပဲ ရွေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြာပန်းဆိုတာ ရွှံ့နွံတွေထဲကနေ ရှင်သန်လာရပေမယ့် ကြည်လင်တဲ့ ရေပြင်မှာ လှပတင့်တယ်စွာ ဖူးပွင့်နိုင်တယ်။ ကိုယ်ဟာ ဘယ်ဘဝကနေ လာတယ်ဆိုတာထက် ကိုယ့်ဘဝကို တိုးတက်အောင် ဘယ်လိုပြုပြင်ပြောင်းလဲနိုင်သလဲ ဆိုတဲ့အချက်က ပိုအရေးကြီးပါတယ်” လို့ ဖြေကြားသွားပါ တယ်။
အလှူခံပုံးထဲငွေထည့်မယ်ဆိုပါတော့၊ အဲဒီမှာ ကျန်းမာရေးအတွက် ၁ ပုံး၊ သဘာ ဝပတ်ဝန်းကျင်အတွက် ၁ ပုံး၊ ပညာရေးအတွက် ၁ ပုံးရှိတယ်၊ ဒါပေမယ့် ၁ ပုံးပဲထဲ့ရမယ်၊ အဲန်းနားက ဘယ်ပုံးထဲ ရွေးထဲ့မလဲလို့ မေးရာမှာ သူမက “ပညာရေးပုံးထဲကိုပဲ ထည့်ပါမယ်၊ ဘာကြောင့်လဲဆိုတော့ ပညာရေးဟာ အရာရာတိုင်းရဲ့စတင်မှုဖြစ်လို့ပါ။ ကျန်းမာရေး၊ သဘာဝ ဝန်းကျင်နဲ့ အခြားအရာတွေအားလုံး ပညာရေးကနေအစပြုတယ်၊ ဒါကြောင့် လူတိုင်းကို တာဝန်ရှိသူတွေကို ပညာရေးကို အားပေးဖို့ တိုက်တွန်းချင်ပါတယ်။ ပညာရေးဟာ တိုင်းပြည် တိုးတက်စေတယ်၊ လူငယ်တွေရဲ့အနာဂတ်ကို တိုးတက်စေတယ်” လို့ဖြေဆိုပါတယ်။
ကမ္ဘာကြီးမှာ စစ်တွေဖြစ်၊ ကူးစက်ရောဂါတွေဖြစ်၊ စီးပွားရေးလည်းကျလို့ လူတွေစိတ် ညစ်နေကြတယ်၊ ဘယ်လို ခွန်အားပေးစကားပြောမလဲလို့မေးတော့ သူမက “စိတ်ညစ်နေတာဟာ သင်တဦးတည်းမဟုတ်ပါဘူး၊ အဲဒီထဲမှာ အဲန်းနားလည်းပါပါတယ်။ အဲဒီတော့ ကျမတို့က ပြဿနာကို လေ့လာရပါမယ်၊ ပြောင်းလဲရပါမယ်။ လဲကျတဲ့အခါရှိသလို ပြန်ထနိုင်တဲ့အခါ လ ည်းရှိရမယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ဖို့က အဓိကပါပဲ၊ အဲန်းနားလုပ်နိုင်ရင် လူတိုင်းလုပ်နိုင်ရမယ်။”
သူမရဲ့ ဖြေဆိုချက်တိုင်းကို လူတွေသဘောကျပြီး ခန်းမထဲမှာ လက်ခုပ်သံတွေ ဆူညံသွားခဲ့ပါတယ်။
ရင်ခုန်စရာကောင်းတဲ့ ပြိုင်ပွဲနောက်ဆုံးညမှာ အခြားသောအလှမယ်တွေကို သူတို့ရဲ့ မိဘဆွေမျိုးတွေက လာရောက်ဝိုင်းရံအားပေးခဲ့ပေမယ့် အဲန်းနားရဲ့မိဘတွေကတော့ မနက်စောစော အလုပ်ဆင်းရမှာမို့ သမီးကို လာအားမပေးနိုင်ဘူးလို့ ဆိုပါတယ်။
အဲန်းနား MTU 2022 အလှမယ်ဘွဲ့ရကြောင်း ပြိုင်ပွဲကော်မတီကကြေညာအပြီး မိဘတွေဆီ ဝမ်းသာအားရဖုန်းဆက်ပေမယ့် မိဘတွေက အိပ်ပျော်သွားပြီဖြစ်ကြောင်း၊ ကိစ္စမရှိဘူး သရဖူ ဆောင်းပြီး ဖေဖေနဲ့မေမေဆီပြန်ခဲ့မယ်လို့ သူမကပြောပါတယ်။
MTU 2022 အလှမယ် အဲန်းနားဟာ ပထမဆုအဖြစ် ဘတ်ငွေ ၁ သန်း၊ ကား ၁ စီး နဲ့ ကွန်ဒိုတိုက်ခန်း ၁ ခန်းပါရရှိပြီး လာမယ့် Miss Universe 2022 မယ်စကြဝဠာပြိုင်ပွဲမှာလည်း ထိုင်းနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။