close

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပေလိုစီ ထိုင်ဝမ်ရောက်ရှိ

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ‌‌ပေလိုစီဟာ သြဂုတ် ၂ ရက် နှောင်းပိုင်းမှာ အမေရိကန် စစ်လေယာဉ်နဲ့ ထိုင်ဝမ်ကို ရောက်ရှိသွားခဲ့ပြီး ထိုင်ဝမ်ရဲ့ အမြင့်ဆုံး အဆောက်အအုံဖြစ်တဲ့ တိုင်ပေ ဝမ်းအိုဝမ်း (Taipei 101) မိုးမျှော်အဆောက်အအုံမှာ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ပလိုစီကိုကြိုဆိုတဲ့ စာတန်းကို တွေ့ရပါတယ်။

ဒါဟာ ၂၅ နှစ်တာအတွင်း အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ တယောက်ရဲ့ ပထမဆုံး ခရီးစဉ် ဖြစ်လာပြီး အမေရိကန်-တရုတ် ဆက်ဆံရေးမှာ ထိလွယ်ရှလွယ် အခြေအနေတွေကို ပိုပြီး ဆိုးရွားလာစေပါတယ်။

‌ပေလိုစီနဲ့ ကိုယ်စားလှယ်အဖွဲ့ကို ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူး၊ ထိုင်ဝမ်မှာ အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး ကိုယ်စားလှယ်ဖြစ်တဲ့ စန်ဒရာ အော့ကက်ခ်တို့က ကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။

နန်စီ ‌ပေလိုစီရဲ့ အခုခရီးစဉ်ကို အကြောင်းပြုလို့ ထောက်ခံသူတွေရော၊ ကန့်ကွက်သူတွေပါ ထိုင်ဝမ်မှာ ဆန္ဒပြနေကြပါတယ်။

နန်စီပေလိုစီဟာ အာရှခရီးစဉ်အတွင်း ထိုင်ဝမ်ကို ရောက်နေတာဖြစ်ပြီး စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ကလည်း ခရီးစဉ်ထဲမှာ ပါဝင်ပါတယ်။

ထိုင်ဝမ်ခရီးစဉ်ကို ကြိုတင်မကြေညာခဲ့ပေမဲ့ အတော်များများက ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်ပါတယ်။

တရုတ်က ထိုင်ဝမ်ဟာ တရုတ်အပိုင်လို့ တလျှောက်လုံး ပြောနေသလို နန်စီ ပေလိုစီရဲ့ ခရီးစဉ်ဟာ တရုတ်ပြည်တွင်းရေးကို အကြီးအကျယ် ဝင်ရောက်စွက်ဖက်မှုလို့ ဒီတပတ် အစောပိုင်းမှာ အပြစ်တင်ခဲ့ပါတယ်။

//
Up