ဝက်လက်မြို့နယ်၌ လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ အင်ဒေါင်းကျေးရွာမှာ ဩဂုတ် ၆ ရက် မနက် ၁၀ နာရီက စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ရာ နေအိမ်တအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး ဒေသခံ သုံးယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စဉ့်ကူးမြို့နယ်ဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဝက်လက်မြို့နယ်အတွင်းကို ဝင်ရောက်လာကာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ထုံးကြီးဘက်ကနေ စစ်ကောင်စီတွေက စစ်ကြောင်းထိုးလာပြီးတော့ ရွာထဲကို လက်နက်ကြီးနဲ့ပစ်တာ လက်နက်ကြီး စမှန်ပြီး အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး ထိ သွားတာ။”
လက်နက်ကြီး စထိမှန်ပြီး ပေါင်၊ ခြေသလုံး၊ ပါးနဲ့ ခြေဖနောင့်တို့မှာ ဒဏ်ရာရခဲ့သူ သုံးယောက်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆေးကုသပေးနေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ဇူလိုင် ၁၁ ရက်က စစ်ကောင်စီတပ်ဖွဲဝင်တွေ စီးနင်းလိုက်ပါလာတဲ့ အိမ်စီးကား ၃ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ဝက်လက်မြို့နယ်ထဲရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့လို့ ၁ ယောက် သေဆုံးခဲ့ပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။