ကျူးကျော်စစ်အတွက် တရုတ်အစိုးရ ပြင်ဆင်နေဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးပြော

တရုတ်အစိုးရဟာ ထိုင်ဝမ်ကိုကျူးကျော်ဖို့ ပြင်ဆင်နေတာကို အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပေလိုစီရဲ့ အလည်အပတ်ခရီးကို အသုံးချပြီး ဆန့်ကျင်တဲ့အနေနဲ့ စစ်ရေးလေ့ကျင့်တာဖြစ်ကြောင်း ဆင်ခြေပေးနေတယ်လို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးက ဩဂုတ် ၉ ရက်မှာ ပြောလိုက်ပါတယ်။
ထိုင်ဝမ်ကျွန်းဟာ သူပိုင်တဲ့ သင်းကွဲပြည်နယ်လို့ တရုတ်က အခိုင်အမာ ပြောထားပြီး ထိုင်ဝမ်သားတွေက သူ့ကိုယ်ပိုင်အစိုးရနဲ့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတာပါ။
တရုတ်က ထိုင်ဝမ်ရေလက်ကြားအတွင်း တရားဝင်မဟုတ်တဲ့ အလယ်အလတ်မျဉ်းကို မကြာခဏ ချိုးဖောက်ရင်း ဆက်ပြီး စစ်ရေးလေ့ကျင့်နေပေမဲ့ ထိုင်ဝမ်က ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ဝူက ပြောပါတယ်။
“ထိုင်ဝမ်ကို ကျူးကျော်ရေး ပြင်ဆင်ဖို့ တရုတ်က စစ်ရေးလေ့ကျင့်မှုကို အသုံးချနေတယ်။ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ မဟုတ်မမှန် သတင်းပေး လှုံ့ဆော်တာတွေကိုလည်း လုပ်နေတယ်” လို့ ဝူက ပြောပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် အရှေ့ပိုင်းတိုင်းက ထိုင်ဝမ်ကျွန်းပတ်လည်က ပင်လယ်ပိုင်နက်နဲ့ လေပိုင်နက်ထဲမှာ စစ်ရေးလေ့ကျင့်တာတွေ ဆက်လုပ်သွားမယ်လို့ အင်္ဂါနေ့မှာ ကြေညာခဲ့ပြီးနောက် ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးက ခုလို ပြောလိုက်တာပါ။