close

စက်သုံးဆီတင်သွင်းမှုကိုလျှော့ချမည်ဟု စစ်ခေါင်းဆောင်ပြောပြီးနောက် ပြည်တွင်း လောင်စာဆီဈေး တရှိန်ထိုးမြင့်တက်

အာဏာသိမ်းစစ်ခေါင်းဆောင်က စက်သုံးဆီတင်သွင်းမှုကို လျှော့ချမယ်လို့ ပြောဆိုပြီးတဲ့နောက် မြန်မာပြည်တွင်းမှာ စက်သုံးဆီ ဈေးနှုန်းက ရက်ပိုင်းအတွင်းမှာ တရှိန်ထိုးမြှင့်တက်တဲ့အပြင် ရန်ကုန် မန္တလေးမြို့ကြီးတွေ အပါအဝင် တနိုင်ငံလုံးမှာ ဆီလက်ကျန်နည်းလားပြီး ပြတ်လပ်လာတဲ့ အကြောင်း အသေးစားနဲ့ အလတ်စား စက်သုံးဆီအရောင်းဆိုင်ရှင်တွေက ပြောပါတယ်။

နေပြည်တော်မှာ သြဂုတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  စွမ်းအင်ကဏ္ဍနဲ့ ပတ်သက်ပြီး အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံလောက်  ပြည်ပမှ ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေတင်သွင်းမှုကို လျှော့ချသွားဖို့ လိုတယ်လို့ ပြောဆိုခဲ့တာပါ။

အခုလိုပြောဆိုပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာ အောက်တိန်း အမျိုးအစား စက်သုံးဆီဈေးနှုန်းက သြဂုတ်လ ၆ ရက်မှာ ၁ လီတာကို ကျပ် ၁၆၀၀ စွန်းစွန်းသာ ရှိခဲ့ပေမယ့် သြဂုတ် ၉ ရက်မှာ ၁ လီတာကို ကျပ် ၁၈၀၀ ကျော်ရှိခဲ့ပြီး ဒီကနေ့ (သြဂုတ်လ ၁၁)မှာ ၁ လီတာကို ကျပ် ၂၁၄၀ ကျော်ရှိတာကြောင့် ရက်ပိုင်းအတွင်းမှာ ၁ လီတာကို ကျပ် ၅၄၀ ကျော် မြင့်တက်သွားပါတယ်။ ဒါဟာ  ရက်ပိုင်းအတွင်းမှာ ရာခိုင်နှုန်းအားဖြင့် ၂၅ ရာခိုင်နှုန်း တက်သွားတာပါ။

ပြည်တွင်းစက်သုံးဆီရောင်းဝယ်ရေးဈေးကွက်မှာ ဆီဈေးနှုန်းက ရုတ်တရက် တရှိန်ထိုး မြင့်တက်လာပေမယ့် အရောင်းဆိုင်တွေမှာတော့ စက်သုံးဆီက ပြတ်သလောက်နီးနီး ရှိနေပါတယ်။

မန္တလေးအခြေစိုက် စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်တဦးက “သူတို့က စက်သုံးဆီကို ခွဲတမ်းနဲ့သာ ချပေးတော့တဲ့အတွက် လုံလုံလောက်လောက် မရောင်းပေးနိုင်ဘူး ဖြစ်နေတယ်။ သဘောက ကျနော်တို့ဆို မန္တလေးကနေ ရန်ကုန်တက်လာပြီး တွဲကားနဲ့ ဆီသွားသယ်ရတယ်။ သွားတယ်တဲ့အခါ သူတို့က တစီးစာ မပေးဘူးဗျာ။ တဝက်တပျက်နဲ့ သွားသယ်ရတယ်။ ဆိုတော့ သယ်ယူစရိတ်တွေက ပိုကုန်တယ်ဗျာ။ ပြီးတော့ ခုရက်ပိုင်းဆို လူတွေက စက်သုံးဆီ လက်ကျန် နည်းလာလို့ ထိန်းထိန်းပြီး ရောင်းနေရတယ်။ ဆိုင်တိုင်းနီးပါးကလည်း ပြတ်သလောက် ရှိနေကြပြီ။ ဆိုင်ကြီးတွေဖြစ်တဲ့ အိတ်စပို့စ် ကုမ္ပဏီကြီးတွေမှာသာ ဆီက မပြတ်သေးတာ။ ကျနော်တို့လို sme ဆိုင်တွေတော်တော်များများက ပြတ်သလောက်နီးပါး ဖြစ်နေကြပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံခြားငွေကြေးအပေါ် စီမံရာမှာ ဈေးနှုန်းသာ သတ်မှတ်ထားပြီး ရောင်းချပေးနိုင်မှု မရှိတဲ့ အခြေအနေတွေကြောင့် စက်သုံးဆီက ရှိသော်လည်း ဝယ်မရ ဖြစ်နေရပါတယ်။

ရန်ကုန်အခြေစိုက် စက်သုံးဆီအရောင်းဆိုင်မှ လုပ်ငန်းရှင်တဦးက “ကျနော်တို့လည်း ဆီပြတ်တော့မယ်။ ရောင်းစရာ ဆီက မရှိတော့ဘူး။ စစ်ကောင်စီက ဒေါ်လာလဲလှယ်နှုန်းကို အသေ သတ်မှတ်လိုက်တာက သူရောင်းချပေးနိုင်ရင်တော့ အကြောင်းမဟုတ်ဘူးလေ။ အခုက ဈေးနှုန်းပဲ ရှိပြီး ဒေါ်လာမရှိတဲ့ အနေအထားမှာဆိုတော့ သွင်းကုန်လုပ်တဲ့သူတွေ အကုန်အခက်အခဲ ဖြစ်ကုန်တာပေါ့။ နိုင်ငံခြားကို ပို့ကုန်ပဲဖြစ်ဖြစ် သွင်းကုန်ပဲဖြစ်ဖြစ် ဒေါ်လာဝယ်ပြီးမှ လုပ်လို့ရတယ်လေ။ အခုဆိုရင် ဘယ်လောက် ရာခိုင်နှုန်း အရင်သွင်းဆိုပြီး သတ်မှတ်ထားတာ။ အဲ့လိုအနေအထားမှာ အပြင်ဈေးက ၂၈၀၀ ရှိနေပေမယ့် အခုသတ်မှတ်ဈေးက ၂၁၀၀ ဆိုတော့ ကျပ် ၁၀၀၀ လောက်ရှုံးနေပြီ။ ဘယ်လိုမျှ အဆင်မပြေဘူး။ ရောင်းရှုံး ဖြစ်နေပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်ကတော့ ပြည်တွင်းမှာ အထိုက်အလျှောက် ရေနံထွက်ရှိပြီး တချို့ဒေသတွေမှာတော့ တွင်းတိမ်ရေနံတူးဖော်ထုတ်လုပ်မှုလုပ်ငန်းတွေကို စနစ်တကျ ဖြစ်ဖို့လိုအပ်ကြောင်းနဲ့  ရေနံထုတ်လုပ်မှုလုပ်ငန်းတွေကို တိုင်းပြည်အတွက် အကျိုးရှိအောင် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားဖို့လိုတယ်လို့  စစ်ကောင်စီ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးမှာ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက သြဂုတ် ၁၁ ရက်အတွက် ထုတ်ပြန်တဲ့ ရည်ညွှန်းလက်ကားဈေးနှုန်းမှာ ရန်ကုန်ဈေးကွက်အတွက် ၁ လီတာကို အောက်တိန်း(၉၂ အမျိုးအစား) ၂၁၄၀ ကျပ်၊ အောက်တိန်း(၉၅ အမျိုးအစား) ၂၂၁၀ ကျပ် သတ်မှတ်ထားပြီး မန္တလေးဈေးကွက်အတွက် ၂၁၈၅ ကျပ် နဲ့ ၂၂၆၀ ကျပ် သတ်မှတ်ပေးထားပါတယ်။

//
Up