ထိုင်းတွင် ဘတ် ၂ သန်းကျော်တန်ဖိုးရှိ ATK ကိရိယာအတုများ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံမှာ ဘတ် ၂ သန်းကျော်တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးရာမှာ အသုံးပြုတဲ့ ATK ကိရိယာအတုတွေ ဖမ်းဆီးရမိတယ်လို့ ထိုင်းအမျိုးသား အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့က ဩဂုတ် ၁၁ ရက်မှာ ထုတ်ပြန်ရှင်းလင်းပါတယ်။
လွန်ခဲ့တဲ့နှစ်ပတ်လောက်မှာ ပြည်သူတဦးက ATK ကိရိယာကို အွန်လိုင်းကနေဝယ်ယူရာမှာ ခါတိုင်းဆေးခန်းတွေမှာ ဝယ်နေကျဟာနဲ့မတူဘဲ ထူးခြားနေလို့ သံသယရှိကြောင်း တိုင်ကြားရာမှ ATK အတုဖြစ်နေတာကို စစ်ဆေးတွေ့ရှိခဲ့ပြီး ပစ္စည်းရောင်းချသူမှတဆင့် လိုက်လံစုံစမ်းခဲ့တယ်လို့ ဒုရဲမှူးကြီး ဂျီရဖုပ် ဖူရိဒေက ပြောပါတယ်။
အဲဒီနောက် ဆေးဝါးနဲ့အစားအစာစစ်ဆေးရေးဌာန၊ စားသုံးသူများကာကွယ်ရေးဌာန၊ နယ်မြေခံ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့အတူ သတင်းရထားတဲ့ နေရာကို ဩဂုတ်လ ၉ ရက်နေ့က သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါနေရာမှာ နခွန်းပထုံခရိုင် ဘန်းလွေးမြို့နယ် နရာဖိလုမ်းရပ်ကွက်နဲ့ နွန်ထပူရီခရိုင် ဘန်းခင်ရပ်ကွက်ထဲမှာရှိပြီး ပိုင်ရှင်တဦးတည်းဖြစ်ကြောင်း၊ ပထမတနေရာမှာ ATK ပစ္စည်းထုတ်လုပ်တဲ့နေရာဖြစ်ပြီး ဒုတိယနေရာမှာ ထုတ်လုပ်ပြီးသားတွေ ပြန်ဖြန့်ဖြူးဖို့ သိုလှောင်တဲ့နေရာလို့ ဆိုပါတယ်။
အဆိုပါ ATK တွေဟာ လက်ရှိဈေးကွက်ထဲမှာရောင်းချနေတဲ့ တံဆိပ်အမျိုးမျိုးကို တုပထားပြီး ကုန်ကြမ်းကို တရုတ်နိုင်ငံမှ တင်သွင်းကြောင်း၊ ရက်စွဲလွန် ATK အဟောင်းတွေကိုလည်း ပစ္စည်းသစ်နဲ့ ပြန်လည်ရောထည့်ကြောင်း၊ အထဲမှာ နှာခေါင်းထိုးတံ၊ အညွှန်းစာရွက်၊ ဆေးရည်ပြွန်၊ အဖြေပြကိရိယာတွေပါ ပါကြောင်း၊ ဒါပေမဲ့ အစစ်ဆိုရင် ဘူးခွံပေါ်က LOT နံပါတ်နဲ့ ဘူးထဲက ပြွန်မှာပါတဲ့ LOT နံပါတ်တူညီရမှာဖြစ်ပြီး အတုကတော့ မတူဘူးလို့ ဆိုပါတယ်။
အဆိုပါနေရာ ၂ ခုကနေ ပြွန်အလွတ်တွေ၊ တံဆိပ်တုစတစ်ကေ၊ ဘူးခွံ၊ နှာခေါင်းထိုးတံ၊ တရုတ်က လာတဲ့ဆေးရည်၊ လက်ဖျားမှ အောက်ဆီဂျင်တိုင်းနိုင်သောကိရိယာ၊ နမူနာစထည့်ရန်စက္ကူ၊ တံဆိပ်ကပ်ထားသော ဂျပ်ဖာ၊ ထုတ်လုပ်ပြီး ဖြန့်ဝေဖို့ အသင့်ရှိ ATK စတာတွေ သိမ်းဆည်းရမိပြီး စုစုပေါင်းတန်ဖိုး ဘတ် ၂ သန်း ကျော် ရှိမယ်လို့ ဆိုပါတယ်။
ATK အတုနဲ့ ကိုဗစ်-၁၉ စစ်ဆေးပါက မှန်ကန်တဲ့ အဖြေမထွက်နိုင်တာကြောင့် ကျန်းမာရေးအတွက် အန္တရာယ်ရှိကြောင်း၊ ဒါကြောင့် စိတ်ချယုံကြည်ရသော နေရာမှသာ ဝယ်ယူသင့်တယ်လို့ ဆေးဝါးနဲ့အစားအစာဌာန ညွှန်မှူး ဒေါက်တာ ဖိုင်းဆန် ဒန်ခုမ့်က ပြောပါတယ်။
ထိုင်းဥပဒေအရ ဆေးဝါး၊ အစားအစာနဲ့ ကုသရေးကိရိယာတွေကို အတုအပပြုလုပ်ရောင်းချပါက ၁၀ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၁ သန်းထက်မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရမှာဖြစ်ပါတယ်။
ကိုးကား - ejan.co