close

စစ်တပ်က ပစ်သည့်လက်နက်ကြီးကြောင့် ကျောင်းနိမ့်ရွာရှိ နေအိမ်တလုံး ပျက်စီး

တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပုလောမြို့နယ် ကျောင်းနိမ့်ရွာမှာ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ပေါက်ကွဲခဲ့တာကြောင့် နေအိမ် တလုံး ပျက်စီးသွားတယ်လို့ ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဩဂုတ် ၁၃ ရက် ည ၁၂ နာရီလောက်မှာ ပုလောအခြေစိုက် ခလရ ၂၈၅ တပ်ရင်းက  ပစ်ခတ်ခဲ့တာဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမင်းဇော်ရဲ့ နေအိမ်ပျက်စီးသွားတာလို့ သိရပါတယ်။

ဗိုလ်မိုးကြိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက “၂၈၅ က ပစ်တာ။ တချက်တည်း။ လက်နက်ကြီးထိတဲ့ အိမ်က လူ မနေတာ‌ကြာပြီဆိုတော့ လူထိခိုက်မှုတော့ မရှိဘူး” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ လလောက်က စစ်ကောင်စီတပ်တွေ ကျောင်းနိမ့်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ် ၃ လုံး မီးရှို့ခံခဲ့ရပြီးတဲ့နောက် ရွာလုံးကျွတ်စစ်ဘေးရှောင်နေရတယ်လို ဆိုပါတယ်။

လက်ရှိအချိန်အထိ ကျောင်းနိမ့်ရွာမှာ စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တဲ့အိမ် ၁၂ လုံးနဲ့ လက်နက်ကြီးထိမှန် ပျက်စီးခဲ့တဲ့အိမ် ၄ လုံးရှိပြီလို့လည်း သိရပါတယ်။

ဇူလိုင် ၁၉ ရက် မနက် ၂ နာရီလောက်ကလည်း ပုလောအခြေစိုက် ခလရ ၂၈၅ က လက်နက်ကြီးတွေနဲ့  ဆက်တိုက်ပစ်ခတ်ခဲ့လို့ ပိန္နဲတောင်ရွာက ဒေသခံ အိမ်တလုံး ထိမှန် ပေါက်ကွဲပြီး အသက် ၂၀ အရွယ် မောင်ဇင်ဝိုင်းဆိုသူ လူငယ်တယောက် သေဆုံးခဲ့ပါတယ်။

//
Up