close

အင်းတော်မြို့၌ စက်သုံးဆီရှားပါးပြတ်လပ် ဈေးတက်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ စက်သုံးလောင်စာဆီ ပြတ်လပ်နေပြီး ဝယ်ရခက်ခဲနေကာ ဈေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့  မြို့ခံတွေထံက သိရပါတယ်။

ပန့်နဲ့ ရောင်းတဲ့ DENKO ဆီဆိုင်အပါအဝင် စက်သုံးဆီ ရောင်းတဲ့ဆိုင်တွေက လောင်စာဆီရောင်းချပေးတာမရှိတော့လို့ အပြင်ဆိုင်ကသာရောင်းချပေးနေတာဖြစ်ပြီး ဓာတ်ဆီ တစ်ဂါလန်ကို ကျပ်  ၁၇,၀၀၀ ပေးပြီး ဝယ်ယူရတယ်လို့ ‌ဒေသခံတဦးက ပြောပါတယ်။

"ကျနော် Denko အပါအဝင် ပန့်ဆိုင်ကြီးသုံးဆိုင်မေးတာ တဆိုင်မှ ဆီမရခဲ့ဘူး"လို့ အင်းတော်မြို့ခံတစ်ဦးက ပြောပါတယ်။

တချို့ဆိုင်တွေကတော့ ပုံးနဲ့ ဂါလန်ချင့်ရောင်းချတာ မရှိတော့ဘဲ ကား/ဆိုင်ကယ်ထဲကိုသာ ဆီထည့်ရောင်းချပေးတော့တယ်လို့လည်း မြို့ခံတစ်ဦးကပြောပါတယ်။

အင်းတော်မြို့ခံအမျိုးသားတစ်ဦးက "ကျနော် သွားရင်းလာရင်း ဆီပြတ်ခါနီးမို့ ဆီသွားထည့်တာ ပန့်ဆိုင်ကြီး သုံးဆိုင်လုံးက ဆီတွေပြတ်နေလို့ ပုံးနဲ့ရောင်းတဲ့ဆိုင်ကပဲ ထည့်ခဲ့ရတယ် တချို့ရတဲ့ ဆိုင်တွေကျ ပုံးတွေ ဂါလန်တွေနဲ့မရောင်းတော့ဘူးဗျ " လို့ ပြောပါတယ်။

လောင်စာဆီဈေးနှုန်းမြင့်တက် ပြတ်လပ်နေတာကြောင့် အခြေခံစားသောက်ကုန်တွေလည်း သယ်ယူစားရိတ်တန်ဆာခ တက်လာလို့ ကုန်ဈေးနှုန်း ကြီးမြင့်လာတယ်လို့ အင်းတော်မြို့ခံ ‌ဈေးသည်တွေထံက သိရပါတယ်။

ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြန်မာနိုင်ငံအနှံ့ တခြားမြို့တွေမှာလည်း လောင်စာဆီ ရှားပါးပြတ်လပ် ဈေးနှုန်းကြီးမြင့်မှုနဲ့ ပြည်သူတွေ ကြုံတွေ့ ရင်ဆိုင်နေကြရပါတယ်။ 

//
Up