close

ကချင်ပြည်နယ်တွင် အန်အယ်လ်ဒီအမတ် ၁ ဦးနှင့် သပိတ်ခေါင်းဆောင် ၁ ဦးတို့ ဖမ်းဆီးခံရ

ကချင်ပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ မိုးညှင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကျော်နဲ့ ဖားကန့်မှော်ပုံသပိတ် ဦးဆောင်သူ ကိုစိုင်းမောင်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တယ်လို့ သူတို့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကပြောပါတယ်။

ဦးမျိုးကျော်နဲ့ ကိုစိုင်းမောင်တို့နှစ်ယောက်ဟာ  ဩဂုတ် ၁၄ ရက်  ၁၁ နာရီလောက်က ကိုယ်ပိုင်ကားနဲ့ မြစ်ကြီးနားမြို့ကနေ ဆင်းလာချိန် မြစ်ကြီးနားမြို့အဝင် ၂၁ မိုင် စစ်ဆေးရေးဂိတ်အရောက်မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတဦးက "ဂိတ်မှာ စစ်ဆေးရင်းနဲ့ NUG ရဲ့ Bond ရောင်းထားတဲ့ စာရွက်စာတမ်းတွေကိုတွေ့သွားတယ်။ Bond ရောင်းချပေးတာက ကိုစိုင်းမောင်က ကူပြီးရောင်းချပေးတာပေါ့။ သူက ဖားကန့်ကဆိုတော့။ အဲ့စာရွက်စာတမ်းတွေ တွေ့လို့ ဖမ်းခံလိုက်ရတာ”လို့ ပြောပါတယ်။

လတ်တလော ဖမ်းဆီးခံရသူတွေ  ဘယ်မှာရှိနေတယ် ဘာအမှုနဲ့ အရေးယူထားတယ်ဆိုတာ‌တော့ မသိရသေးပါဘူး။ 

ဖမ်းဆီးခံရသူ ဦးမျိုးကျော်ဟာ ၂၀၂၀ နိုဝင်ဘာလက ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ် ၄ ရက်ကလည်း  အန်အယ်လ်ဒီပါတီရဲ့ မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းဟာ နန်းမားမြို့မှာ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ-၅၀၅(ခ)နဲ့ ပြီးခဲ့တဲ့ မေလ ၂၆ ရက်က ထောင်ဒဏ် ၁ နှစ်ချမှတ်ခံခဲ့ရပါတယ်။

//
Up