close

ငပလီ ဂျိတ္တော၌ လေပြင်းတိုက်ခတ်ပြီး ငါးဖမ်းလှေ ၁ စီးနှင့် နေအိမ် ၂ လုံး ပျက်စီး

ရခိုင်ပြည်နယ်၊ သံတွဲ၊ ငပလီမြို့နယ်၊ ဂျိတ္တောကျေးရွာမှာ သြဂုတ် ၁၈ ရက် ဒီနေ့မနက်ပိုင်းက လေပြင်းတိုက်ခတ်ပြီး ငါးဖမ်းစက်လှေတစီးနဲ့ နေအိမ်နှစ်လုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဟုတ်တယ်။ ငါးဖမ်းစက်လှေ ၁ စီး နှစ်ပိုင်းကျိုးသွားတယ်။ လှေတချို့ကတော့ ကမ်းမှာ သောင်တင်သွားတယ်။ အိမ် ၂ လုံးကတော့ အုန်းပင်ကျိုးပြီး ပိမိတယ်။ လူအသေအပျောက်တော့ မရှိပါ။”

ဒီနေ့မနက် ၁ နာရီခွဲလောက်က လေပြင်းတိုက်ခတ်မှုကြောင့် ပင်လယ်ကမ်းစပ်မှာ ကျောက်ချ ရပ်နားထားတဲ့  ငါးဖမ်းစက်လှေတစီး လေနဲ့ ကမ်းခြေကိုပါလာကာ ကျောက်ဆောင်နဲ့ တိုက်မိလို့ နှစ်ပိုင်းကျိုးသွားပြီး နောက်ထပ်လှေတွေကတော့ ကမ်းတင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီစက်လှေဟာ ငပလီမြို့ ဂျိတ္တောရပ်ကွက်မှ ဦးဝင်းရွှေ (ခေါ်) ဦးညီပုရဲ့ စက်လှေဖြစ်ပြီး အလျား ၃၉ ပေ၊ အနံ ၈ ပေ၊ ဇောက် ၄ ပေရှိတဲ့ ငါးဖမ်းစက်လှေဖြစ်တယ်လို့ ဂျိတ္တော​ကျေးရွာ ဒေသခံတွေက ပြောပါတယ်။​

လေပြင်းတိုက်ခတ်တဲ့ အရှိန်ကြောင့် ဂျိတ္တောကျေးရွာမှ လူနေအိမ်နှစ်လုံးလည်း အုန်းပင်ကျိုးကျ ပိမိပြီး အမိုးတွေ ပျက်စီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဟုတ်ပါတယ်။ လေပြင်း​တိုက်တာကြောင့် အုန်းပင်တွေကျိုးကျပြီး နှစ်ထပ်အိမ်တလုံးနဲ့ မြေစိုက်နေအိမ် တလုံးကတော့ အနည်းအကျဉ်း ပျက်စီးသွားတယ်။”

လေဖိအားနည်းရပ်ဝန်းဟာ နောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မနက် ၁ဝ နာရီခွဲက ထုတ်ပြန်ထားပါတယ်။

//
Up