တူရကီတွင် ကုန်ကားက လူအုပ်ကို ဝင်တိုက်မိပြီး ၁၆ ဦးသေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ

တူရကီနိုင်ငံ၊ မာဒင်ခရိုင်၊ ဒဲရစ်မြို့ရှိ စက်သုံးဆီဆိုင်နားမှာ သြဂုတ် ၂၀ ရက်က ကုန်ကားတစီးက လူအုပ်ကို ဝင်တိုက်ခဲ့လို့ လူ ၁၆ ယောက် သေဆုံးပြီး ၂၉ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ကုန်တင်တွဲကားတစီးက တခြားယာဉ်တွေနဲ့ လမ်းသွား လမ်းလာတွေကို အရှိန်ပြင်းပြင်း တိုက်မိလို့ အခင်း ဖြစ်ပွားရာနေရာကို အရေးပေါ်ဌာနက လူတွေ ရောက်နေတုန်း ကုန်ကားတိုက်မှု ထပ်ဖြစ်တာလို့ ရိုက်တာ သတင်းဌာနမှာ ရေးပါတယ်။
ဒဏ်ရာရသူ ရှစ်ယောက်က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ တူရကီကျန်းမာရေးဝန်ကြီး ဖှာရဒ်တင်းကိုဂျာက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ ကုန်ကားက အရှိန်ထိန်းလို့ မရတော့ဘဲ လူအုပ်ထဲ မောင်းဝင် သွားခဲ့တာလို့ ဆိုပါတယ်။
နိုင်ငံရဲ့ အရှေ့တောင်ဘက်က ဂါဇီယံတက်ပ်ပြည်နယ်မှာလည်း အစောပိုင်း အခင်းဖြစ်ရာနေရာကို လူတွေရောက်နေတုန်း ဘတ်စ်ကားက ဝင်တိုက်ခဲ့လို့ အရေးပေါ် လုပ်သားတွေနဲ့ သတင်းထောက်တွေ အပါအဝင် နောက်ထပ် လူ ၁၆ ယောက် သေဆုံးတယ်လို့ ဒေသန္တရ အုပ်ချုပ်ရေးမှူး ဒါဗွတ်ဂူးလ်က ပြောပါတယ်။
ဒီဖြစ်ရပ်ကြောင့် လူ နောက်ထပ် အယောက် ၂၀ ဒဏ်ရာရခဲ့ပြီး ဆေးဝါး ကုသမှု ခံယူခဲ့ရပါတယ်။