နျူကလီးယားဓာတ်အားပေးစက်ရုံ ဘေးကင်းစေရေး ကုလ၊ တူရကီနှင့် ယူကရိန်း ဆွေးနွေး

ရုရှားနဲ့ ယူကရိန်းတို့ဟာ ဇာပိုရစ်ချ်ဇီယာ စက်ရုံအနီးမှာ ပစ်ခတ်မှုအသစ်တွေ လုပ်နေကြောင်း အပြန်အလှန် စွပ်စွဲခဲ့ကြတာကြောင့် ကုလသမဂ္ဂအကြီးအကဲ၊ တူရကီနဲ့ ယူကရိန်း သမ္မတတို့ဟာ ရုရှားက စတင်ခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်ရေးနဲ့ ဥရောပရဲ့ အကြီးမားဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံ ဘေးကင်းစေရေး နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။
စက်ရုံကို ရုရှားတို့ သိမ်းပိုက်ထားဆဲဖြစ်ပေမဲ့ ယူကရိန်း အင်ဂျင်နီယာတွေက စက်ရုံကို ဆက်လက်လည်ပတ်နေဆဲ ဖြစ်ပါတယ်။
စက်ရုံဟာ ရုရှားထိန်းချုပ်ထားတဲ့ အယ်နာဟော်ဒါ ရေလှောင်ကန်ကြီးရဲ့ တောင်ဘက်ကမ်းမှာ တည်ရှိပြီး ယူကရိန်းတပ်ဖွဲ့တွေက မြောက်ဘက်ကမ်းကို သိမ်းပိုက်ထားပါတယ်။
မကြာသေးမီက ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ယူကရိန်းတာဝန်ရှိသူတွေဟာ ဇာပိုရစ်ချ်ဇီယာမှာ နျူကလီးယားဘေးအန္တရာယ် တုံ့ပြန်ရေး လေ့ကျင့်မှုကို သြဂုတ် ၁၇ ရက်က ပြုလုပ်ခဲ့ပါတယ်။
လတ်တလောကာလ ဂြိုဟ်တုဓာတ်ပုံတွေမှာ ယူကရိန်းတောင်ပိုင်းရှိ ဇာပိုရစ်ချ်ဇီယာ နျူကလီးယား ဓာတ်အားပေးစက်ရုံ ပတ်ပတ်လည်က လယ်ကွင်းတွေမှာ မီးလောင်ကျွမ်းမှု အမှတ်အသားတွေ ထွက်ပေါ်လာတာကို ပြထားပါတယ်။
နျူကလီးယားကပ်ဘေး ဖြစ်နိုင်ခြေကို ပိုတိုးလာစေမယ်လို့ ယူကရိန်းဘက်က ပြောကြားထားတဲ့ ဒီစက်ရုံကို ရုရှားက သူတို့ပိတ်ချပစ်လို့ ရတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာကနေ စစ်မဲ့ဇုန်အဖြစ်သတ်မှတ်ဖို့ တောင်းဆိုချက်ကို ရုရှားက အစောပိုင်းမှာ ပယ်ချခဲ့ပါတယ်။
ယူကရိန်းနိုင်ငံ၊ လဗိမြို့မှာ မနေ့ကဆွေးနွေးပွဲအပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ဇာပိုရစ်ချ်ဇီယာ နျူကလီးယားစက်ရုံရဲ့ အခြေအနေတွေ စိုးရိမ်မိပြီး စစ်လက်နက်ပစ္စည်းတွေနဲ့ ဝန်ထမ်းတွေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။