ကာကွယ်ရေး၊ စီးပွားရေးနှင့် စွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး ယူကရိန်းနှင့် တူရကီ ဆွေးနွေး

ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ယူကရိန်းအနောက်ဘက် လဗိမြို့တော်မှာ သြဂုတ် ၁၈ ရက်က တူရကီသမ္မတ အာဒိုဂန်နဲ့ ကာကွယ်ရေး၊ စီးပွားရေးနဲ့ စွမ်းအင် ပူးပေါင်းဆောင်ရွက်မှု တို့ကို ဆွေးနွေးခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေအတွင်းမှာ ရုရှားစီစဉ်ထားတဲ့ အယောင်ဆောင် ဆန္ဒခံယူပွဲနဲ့ ပတ်သက်လို့ ဖြစ်နိုင်သမျှ အတင်းကျပ်ဆုံး ရပ်တည်ချက်ကို ထုတ်ဖော်ပြောဆိုပေးဖို့ ယူကရိန်းခေါင်းဆောင်က အာဒိုဂန်နဲ့ ဂူတာရက်စ်တို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။
ဒီဆန္ဒခံယူပွဲဟာ နိုင်ငံတကာ အသိုက်အဝန်းရဲ့မျက်နှာကို ဖြတ်ရိုက်တာဖြစ်ကြောင်း သူ့ရဲ့ ညစဉ် မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။
ရုရှားအရာရှိတွေက အိုဒက်ဆာနဲ့ တခြား ယူကရိန်းမြို့တွေကို ထပ်ခါထပ်ခါ ခြိမ်းခြောက်နေပြီး ဇာပိုရစ်ချ်ဇီယာ နျူကလီးယား ဓာတ်အားပေးစက်ရုံမှာ ဖြစ်ပျက်နေတာတွေကိုလည်း တွေ့မြင်နေရကြောင်း ဇလန်းစကီးက ပြောပါတယ်။
ဂူတာရက်စ်ဟာ သူ့ရဲ့ လဗိခရီးစဉ်အတွင်း ယူကရိန်းရှိ ရှေ့တန်းစစ်မျက်နှာမှာ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဥရောပရဲ့ အကြီးဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အပြင်းအထန် စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရုရှားဟာ ဖေဖော်ဝါရီ ၂၄ ရက် ယူကရိန်းကျူးကျော်စစ် စတင်ပြီး မကြာခင်မှာပဲ သူတို့ သိမ်းပိုက်ခဲ့တဲ့ ဇာပိုရစ်ချ်ဇီယာ နျူကလီးယား ဓာတ်အားပေးစက်ရုံကို ပိတ်ပစ်နိုင်တယ်လို့ ပြောဆိုထားပြီး ကိယက်ဗ်ကတော့ ဒီလုပ်ဆောင်မှုဟာ နျူကလီးယားကပ်ဆိုး ဖြစ်နိုင်ခြေကို တိုးမြင့်စေမယ်လို့ ပြောကြားထားပါတယ်။
ဇလန်းစကီးနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ အဲဒီစက်ရုံကနေ စစ်လက်နက်ပစ္စည်းတွေနဲ့ အမှုထမ်းတွေကို ခေါ်ထုတ်ယူဆောင်သင့်ကြောင်း ဂူတာရက်စ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။