မြန်မာဘက်သို့ တရားမဝင်တင်သွင်းမည့် ကား ၂ စီးနှင့် ဆိုင်ကယ် ၁၃ စီး ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ထဲမှာ ဩဂုတ် ၂၂ ရက်က မြန်မာဘက်ခြမ်း ကို တရားမဝင် တင်သွင်းမယ့် ကား ၂ စီးနဲ့ ဆိုင်ကယ် ၁၃ စီး ဖမ်းဆီးရမိတယ်လို့ ထိုင်းတော်ဝင်စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။
အမှတ် ၃၅၀၈ ရိန်းဂျားတပ်ခွဲမှ တပ်ဖွဲ့ဝင်တွေဟာ ထာ့ဆောင်ယန်းမြို့နယ်၊ ဘန့်မိုင် ထိုင်းလုမ့်ယင်ကျေးရွာအုပ်စုက သောင်ရင်းမြစ်ကမ်းတလျှောက် လုံခြုံရေးယူနေစဉ် ဒီနေ့မနက် စောစောက တောထဲမှာ လမ်းလျှောက်လာတဲ့ လူ ၆- ၇ ယောက်ကို တွေ့ရတာကြောင့် စစ်ဆေးဖို့ ရပ်ခိုင်းရာမှ တောထဲကို ထွက်ပြေးသွားခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
အဲဒီနောက် အနီးနားတဝိုက် လိုက်လံရှာဖွေစစ်ဆေးရာမှာ နံပတ်ပြား မရှိဘဲ သစ်လွင်နေတဲ့ မီးခိုးရောင် တိုယိုတာဟိုင်းလပ်ကား ၁ စီး၊ တံခါး ၄ ဘက်ပါ အဖြူရောင်အီစူဇူးကား ၁ စီးနဲ့အတူ မသင်္ကာသူ တယောက်ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သောင်ရင်းမြစ်ကမ်းနားက တောထဲမှာ ဝှက်ထားတဲ့ မော်တော် ဆိုင်ကယ် ၁၃ စီးကို ထပ်မံ တွေ့ရှိရပြီး ဆိုင်ကယ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်း အထောက်အထား တစုံတရာ မပြနိုင်ဘူးလို့ တာဝန်ရှိသူက ပြောပါတယ်။
ဆိုင်ကယ်နဲ့ကားတွေ လက်ဝယ်တွေ့ရှိ ဖမ်းဆီးရမိသူကို ဆက်လက်အရေးယူဖို့ စစ်တပ်က မဲ့မွေးနယ်မြေရဲစခန်းကို ပို့ထားတယ်လို့ တာဝန်ရှိသူတွေရဲ့စကားကို ကိုးကားပြီး Royal Thai Army လူမှုကွန်ရက်က ဖော်ပြပါတယ်။