close

ဒီမိုကရေစီ မဟာမိတ်အဖြစ် ရပ်တည်ရန် အမေရိကန်ကို ထိုင်ဝမ်သမ္မတ ပြော

ထိုင်ဝမ်နဲ့ အမေရိကန်တို့ဟာ အင်ဒို-ပစိဖိတ်ဒေသထဲက လုံခြုံရေးနဲ့ စီးပွားရေးမဟာမိတ်တွေ ဖြစ်ပြီး ဒီမိုကရေစီ မဟာမိတ်တွေအဖြစ် အတူတကွ ရပ်တည်ရမယ်လို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က ဧည့်သည်တော် အမေရိကန် အရာရှိတဦးကို သြဂုတ် ၂၂ ရက်မှာ ပြောလိုက်ပါတယ်။

ထိုင်ဝမ်သမ္မတက အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး အဲရစ် ဟိုးလ်ကမ်ဘ်ကို ခုလို မှတ်ချက်ပြုပြောဆိုလိုက်တာပါ။ 

“ထိုင်ဝမ်ဟာ တရုတ်၊ ထိုင်ဝမ် ရေလက်ကြားတဝိုက်မှာ စစ်ရေးအရ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်” လို့ ဆိုင်က ဟိုးလ်ကမ်ဘ်ကို ထိုင်ပေမြို့တော် သမ္မတရုံးမှာ တွေ့ဆုံချိန် ပြောခဲ့တာပါ။

“ခုအချိန်မှာ၊ ဒီမိုကရေစီ မဟာမိတ်တွေဟာ အတူတကွ ရပ်တည်ပြီး နယ်ပယ်အားလုံးမှာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရမယ်”လို့ ဆိုင်က ဆိုရှယ်မီဒီယာ စာမျက်နှာပေါ်မှာ တိုက်ရိုက်လွှင့်တင်ထားတဲ့ အမှာစကားအတွင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဟိုးလ်ကမ်ဘ်ရဲ့ ခရီးစဉ်ဟာ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ အပါအဝင် အမေရိကန် အကြီးတန်းအရာရှိတွေ ဩဂုတ်လထဲမှာ တတိယအကြိမ် လာရောက် လည်ပတ်မှု ဖြစ်ပါတယ်။

ပေလိုစီ ထိုင်ဝမ်ကို လာပြီးကတည်းက တရုတ်ဟာ ထိုင်ဝမ်ကျွန်းနားမှာ စစ်စွမ်းရည်ပြပွဲနဲ့  စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့တာပါ။

ထိုင်ဝမ်အစိုးရက တရုတ်ပြည်မကြီးအစိုးရရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ငြင်းဆိုထားပြီး ထိုင်ဝမ်ကျွန်းရဲ့ ဒေသခံတွေဟာ သူတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ပြောထားပါတယ်။ 

ဟိုးလ်ကမ်ဘ်ဟာ သူ့ခရီးစဉ်မှာ ထိုင်ဝမ်အခြေစိုက် ဆီမီးကွန်ဒတ်တာ ကုမ္ပဏီတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

//
Up