close

နီကာရာဂွါတွင် အစိုးရကိုဝေဖန်သည့် သတင်းစာတိုက် အဆောက်အအုံများ သိမ်းဆည်းခံရ

နီကာရာဂွါအစိုးရဟာ သမ္မတ ဒန်နီယယ်အော်တေဂါကို ပြစ်တင်ဝေဖန်တဲ့ သက်တမ်းရင့် သတင်းစာတိုက်ရဲ့ အဆောက်အအုံတွေကို ‘ယဉ်ကျေးမှုစင်တာ’ အဖြစ် ပြောင်းလဲဖို့ သိမ်းယူလိုက်ပါတယ်။

နီကာရာဂွါအစိုးရက အဲဒီနေရာကို နိုင်ငံရဲ့ အရေးအပါဆုံး ကဗျာဆရာကြီး ဟိုဆေး ကိုရိုနဲလ် အူတေချိုကို အစွဲပြုပြီး ယဉ်ကျေးမှုနဲ့ ပိုလီနည်းပညာစင်တာတခု ဖန်တီးဖို့ အသုံးပြုမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အစိုးရက ဆောက်လုပ်ရေးလုပ်နေပြီး လာပရန်ဆာရဲ့ စက်ယန္တရားတွေနဲ့ ပစ္စည်းကိရိယာတွေကိုလည်း ရွှေ့ပြောင်းနေတာ ရက်တော်တော်ကြာနေပြီလို့ လာပရန်ဆာ သတင်းစာရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

နီကာရာဂွါရဲတပ်ဖွဲ့ဟာ မနှစ်တုန်းက လာပရန်ဆာ သတင်းစာတိုက်ကို သိမ်းယူခဲ့ပြီး အမှုဆောင်အရာရှိ အများအပြားကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

လာပရန်ဆာရဲ့ မန်နေဂျာ ဟွမ်လော်ရန်ဇိုဟိုးလ်မန်းကို ပြီးခဲ့တဲ့နှစ် ရုံးချိန်းမှာ ငွေကြေးခဝါချမှုနဲ့ စွပ်စွဲထားပြီး ဒါကို လူ့အခွင့်အရေး အဖွဲ့အစည်းတွေက နိုင်ငံရေးအရ လှုံ့ဆော်တာလို့ ယူဆကြပါတယ်။

အော်တေဂါ အစိုးရအဖွဲ့ဟာ ဒစ်ဂျစ်တယ်သတင်းစာ ‘Confidencial’ ရဲ့ နေရာနဲ့ ရုပ်မြင်သံကြားချန်နယ် ‘100% Noticias’ နေရာတို့ကိုလည်း သိမ်းယူခဲ့ပါတယ်။

လာပရန်ဆာရဲ့ သတင်းထောက်တွေလည်း ပြည်နှင်ဒဏ်ခံခဲ့ရပြီး အဲဒီအချိန်ကတည်းက ပြည်ပရောက် သတင်းထောက်အဖွဲ့ဟာ ကော်စတာရီကာ၊ အမေရိကန်နဲ့ မက္ကဆီကို နိုင်ငံတို့ကနေ အွန်လိုင်းထုတ်ဝေမှုအတွက် သတင်းပို့ခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ်မှာ နိုင်ငံရေးအကျပ်အတည်း စတင်ခဲ့ပြီးကတည်းက သတင်းထောက် ၁၂၀ ဟာ ပြည်နှင်ဒဏ်ခံခဲ့ရကြောင်း နီကာရာဂွါရဲ့ လွတ်လပ်သော ဂျာနယ်လစ်များနဲ့ ဆက်သွယ်ပြောဆိုသူများ (PCIN) အဖွဲ့အစည်းအရ သိရပါတယ်။

နီကာရာဂွါမှာ လက်ရှိ ဘယ်သတင်းစာမှ ပုံနှိပ်ခြင်းမရှိဘဲ အွန်လိုင်းမှာ လည်ပတ်နေဆဲ မီဒီယာအနည်းငယ်ကတော့ လျှို့ဝှက်လုပ်ဆောင်နေကြကြောင်း PCIN က ပြောပါတယ်။

//
Up