အင်ဂိုလာရွေးကောက်ပွဲ အာဏာရပါတီ မဲအများစုရရှိ

အင်ဂိုလာနိုင်ငံရဲ့ ပါလီမန်ရွေးကောက်ပွဲတွေမှာ မဲအများစုကို ရေတွက်ထားပြီး ယာယီ ရလဒ်တွေအရ လက်ရှိအာဏာရ MPLA ပါတီက အများစု ၅၂ ရာခိုင်နှုန်း ရရှိထားကြောင်း နိုင်ငံရဲ့ ရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၂၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
သူတို့ရဲ့ အဓိကအတိုက်အခံ ပြိုင်ဘက်တွေကတော့ ၄၂ ရာခိုင်နှုန်း ရထားတယ်လို့ ဆိုပါတယ်။
အခုချိန်ထိ မဲတွေရဲ့ ၈၆ ရာခိုင်နှုန်း ရေတွက်ပြီးဖြစ်ပြီး လက်ရှိအာဏာရပါတီဟာ နှစ် ၅၀ ကျော်နီးပါး အာဏာသက်တမ်း တိုးနိုင်ဖွယ်ရှိကြောင်းနဲ့ သမ္မတ ဂျဝေါင်း လိုရန်းကိုဟာ နောက်ထပ် ဒုတိယသက်တမ်း ၅ နှစ် ထပ်အုပ်ချုပ်နိုင်ကြောင်း ကော်မရှင်က ပြောပါတယ်။
ကော်မရှင်ရဲ့ ပြောကြားချက်ကို အဒဲလ်ဘာတို ကော်စ်တာ ဂျူနီယာ ဦးဆောင်တဲ့ အတိုက်အခံ ပါတီဖြစ်တဲ့ UNITA က ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။
ဩဂုတ် ၂၅ ရက် အစောပိုင်းက ကော်မရှင်မှ ထုတ်ပြန်ခဲ့တဲ့ ပထမဆုံး ယာယီရလဒ်တွေကို ယုံကြည်ရဖွယ်မရှိဆိုပြီး ပယ်ချခဲ့ပါတယ်။ လူအန်းဒါမြို့တော်မှ လူငယ်တွေကတော့ ယာယီရလဒ်တွေကို ဒေါသထွက်ခဲ့ကြပါတယ်။
မြို့တော်ဟာ UNITA ကို ထောက်ခံမဲအများအပြား မဲပေးခဲ့ကြကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ဆိုပါတယ်။
လက်ရှိသမ္မတ လိုရန်းကိုဟာ ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တုန်းက အပြောင်းအလဲနဲ့ ကျယ်ပြန့်တဲ့ အခြေခံကြွယ်ဝမှုကို ကတိပြုခဲ့တာပါ။
ဒါပေမဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်ရာမှာ အပြုသဘောဆောင်တဲ့ ရလဒ်တချို့ ရှိနေပေမဲ့ ဆင်းရဲမွဲတေမှု လျှော့ချမယ့် ကတိကဝတ်ကိုတော့ မတည်နိုင်သေးပါဘူး။